တရုတ်သစ်ခိုးထုတ်သမားတွေကို အမြန်ဆုံးပြန်ပို့ပေးဖို့ တရုတ် အစိုးရတောင်းဆို
ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို နှစ် ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ အပေါ် စိုးရိမ်ပူပန် မိကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ရေး သားဖော်ပြကြပါတယ်။
-
2015-07-23 -
-
-
ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ အပေါ် စိုးရိမ်ပူပန်မိကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။
ကချင်ပြည်နယ် ဝိုင်းးမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးက မနေ့က ထောင်ဒဏ်တစ်သက်တစ်ကျွန်း စီ ပြစ်ဒဏ်ချလိုက်တာပါ။
အဲ့ဒီအထဲက အသက်မပြည့်သေးသူတွေကိုလည်း ထောင်ဒဏ် ၁ဝ နှစ် စီချမှတ်သလို အမျိုးသမီးတစ်ဦးကို လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ ၁၉ (က)နဲ့ ထောင်ဒဏ် ၁၅ နှစ် ထပ်ဆောင်းကျခံဖို့ အမိန့်ချမှတ်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာဟာ ပြင်းထန်လွန်းကြောင်း ပြောဆိုခဲ့ပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရ မျှမျှတတ ဆောင်ရွက်ပြီး ၊ အဲ့ဒီတရုတ်နိုင်ငံသားတွေကို တရုတ်ပြည် အမြန်ဆုံးပြန်ပို့ပေးဖို့ တောင်းဆိုကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ လူကန်းက ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာကလည်း လူ ၁၅ဝ ကျော်လုံးဟာ တန်းတူညီမျှ အပြစ်ရှိသူတွေ မဖြစ်နိုင်ကြောင်း၊ အခုလို အားလုံးသိမ်းကြုံးပြီး တပြိုင်တည်း ထောင်ဒဏ်စီရင်လိုက် တာဟာ တရားဥပဒေနဲ့ မညီညွတ်ကြောင်း ခေါင်းကြီးပိုင်းကနေ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာအစိုးရကတော့ အစိုးရအနေနဲ့ တရားစီရင်ရေးကိစ္စထဲကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မိမိတို့ မြန်မာနိုင်ငံ သားတွေ တခြားနိုင်ငံတွေမှာ ပြစ်မှုကျူးလွန်ခဲ့ရင်၊ အဲ့ဒီနိုင်ငံတွေရဲ့ ဥပဒေအတိုင်း ပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်း၊ မိမိတို့ အစိုးရက သံရေးတမန်ရေးကို အသုံးပြုပြီး ကြားဝင်မှာမဟုတ်ကြောင်း၊ တရုတ်ပြည်အနေနဲ့ နားလည်မှု ရှိမယ် ထင်ပါကြောင်း၊ အမှန်တကယ်လိုအပ်တာက ရှေ့လျှောက် တရားမဝင် သစ်ခုတ်လှဲတာတွေ ပပျောက်ဖို့ သာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံသား မူးယစ်ဆေးဝါး မှောင်ခိုရာဇာတစ်ဦးဖြစ်တဲ့ နော်ခမ်းကို တရုတ် အစိုးရက ဖမ်းဆီးမိခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ် မဲခေါင်မြစ်အတွင်း တရုတ်သဘောၤသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ သေဒဏ် စီရင်ခဲ့ပါတယ်။
ဒီအတွင်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေက ယူနန်ပြည်နယ် တိန့်ချောင်းခရိုင် အစိုးရရုံးရှေ့မှာ မနေ့က စုရုံးခဲ့ကြပြီး၊ မြန်မာနိုင်ငံဖမ်းဆီးခံထားရသူတွေကိစ္စ မေးမြန်းခဲ့ ကြတယ်လို့ သိရပါတယ်။