မင်းတပ် အမ်လောင်းရွာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအ၀င် လေးဦးသေဆုံး

မင်းတပ်မြို့နယ်၊ အမ်လောင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လေးဦး သေဆုံးခဲ့ပါတယ်။

မင်းတပ်-မတူပီ ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းများအား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။ HKL MINDAT

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမ်လောင်းရွာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် မိသားစု သုံးဦးနဲ့ CDF တပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

သေဆုံးသူတွေဟာ ကလေးငယ်၊ ကလေးရဲ့ မိဘနှစ်ဦးနဲ့ မင်းတပ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

သေဆုံးတဲ့ မိသားစုဝင် အရပ်သား သုံးဦးရဲ့ အမည်နဲ့ အသက်အရွယ်ကို လုံခြုံရေး အခြေအနေရ ဖော်ပြနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးတဲ့ CDF တပ်ဖွဲ့ဝင်ကတော့ ဗိုလ်အဆင့်ရှိ မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ချင်းအမျိုးသား ဆလိုင်းဘီလီအောင်ထန်း ဖြစ်ပါတယ်။ စစ်တပ်အာဏာ မသိမ်းခင်က သူဟာ မင်းတပ်မြို့က ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကနေ အမ်လောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးတဲ့အပြင် ကလေးငယ် နှစ်ဦး အပါအဝင် နောက်ထပ် ရွာသား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ချင်းပြည်နယ် မင်းတပ်မြို့ဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းရိုးရာ အမဲလိုက် တူမီးသေနတ်နဲ့ အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင် ခုခံခဲ့တဲ့ မြို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းကနေ ဒေသခံတွေရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် သေဆုံးသူ အယောက် ၂၀၀‌ ရှိနေပါပြီ။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနောက်မြောက် ဒေသမှာ လူဦးရေ သုံးသိန်းလေးသောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org