Chevron အစုရှယ်ယာတွေ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်နေကြောင်း JFM ပြော

အမေရိကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် (Chevron) ရဲ့ အစုရှယ်ယာတွေ ပြန်လည်ရောင်းချမှုဟာ စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် ဆက်လက်ခွင့်ပြုပေးလိုက်တာဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တစ်နေရာတွင် တွေ့ရသည့် Chevron ကုမ္ပဏီတံဆိပ်နှင့် ဆိုင်ကိုတွေ့ရစဉ်။ AFP

အမေရိကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် (Chevron) ရဲ့ အစုရှယ်ယာတွေ ပြန်လည်ရောင်းချမှုဟာ စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် ဆက်လက်ခွင့်ပြုပေးလိုက်တာဖြစ်ကြောင်း Justice For Myanmar က ဧပြီလ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ Chevron ကုမ္ပဏီကပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို ကျန်အစုရှယ်ယာရှင်တွေဖြစ်တဲ့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီနဲ့ စစ်ကောင်စီပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ပြန်လည်ခွဲဝေရောင်းချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုရောင်းချလိုက်တာကြောင့် ငွေကြေးနဲ့အရင်းအမြစ်တွေဟာ ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ လက်ထဲမှာပဲ ဆက်ရှိနေတာဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ဖြစ်ပွားစေဖို့ ခွင့်ပြုပေးလိုက်တာလို့ Justice For Myanmar က ပြောပါတယ်။

ပိုင်ဆိုင်မှုတွေကို စစ်အုပ်စုအပါအဝင် စစ်အုပ်စုနဲ့ ပူးပေါင်းနေသူတွေထံရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့နည်းလမ်းဟာ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမှုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ရှောင်လွဲနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Chevron အနေနဲ့ မြန်မာလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိဖို့၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို ထုတ်ဖော်ပြီး တာဝန်ယူမှုအပြည့်နဲ့ထွက်ခွာဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

စစ်အုပ်စုရဲ့ အဓိက စီးပွားရေးမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေတဲ့ PTTEP အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရုပ်သိမ်းပြီး စစ်အုပ်စုကို ငွေပင်ငွေရင်း ထောက်ပံ့နေမှုတွေကို မဖြစ်မနေရပ်တန့်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုလည်း ကနေဒါ၊ ဗြိတန်နဲ့ ဩစတြေးလျနိုင်ငံတို့က ပိတ်ဆို့အရေးယူဖို့နဲ့ အမေရိကန်က MOGE ကို အပြည့်အ၀ ပိတ်ဆို့အရေးယူဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပင်လယ်ပြင်ထဲက ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းကနေ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ ခြောက်ဘီလီယံလောက် ထွက်ရှိတဲ့အထဲက သုံးဆယ်ရာခိုင်နှုန်းကို မြန်မာပြည်တွင်းမှာအသုံးပြုပြီး ခုနစ်ဆယ်ရာခိုင်နှုန်းကိုတော့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org