ပခုက္ကူမြို့နယ် ချိုင်ရွာက နေအိမ် ၁၅၀ မီးရှို့ခံရပြီး သက်ကြီးပိုင်း သုံးဦးပါ သေဆုံး
ပခုက္ကူမြို့နယ်ထဲက ချိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ မီးလောင်ပျက်စီးခဲ့ပြီး သက်ကြီးပိုင်း သုံးဦးပါ မီးလောင်သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-02-28 -
-
-
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ချိုင်ရွာကို ဖေဖော်ဝါရီလ ၂၇ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ မီးလောင်ပျက်စီးခဲ့ပြီး ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်း သုံးဦးပါ မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အသက် ၈၀ အရွယ် ဒေါ်ဝိုင်းတင်နဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၆၀ အရွယ် ဦးကျော်ဝင်း၊ အသက် ၇၀ အရွယ် ဒေါ်စိန်မြိုင်တို့ မီးလောင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ ဒေါ်ဝိုင်းတင်တို့ သားအမိရဲ့ ရုပ်အလောင်းကိုတွေ့လို့ မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီး နေ့လယ်ပိုင်းမှာ ဒေါ်စိန်မြိုင်ရဲ့ ရုပ်အလောင်းကိုပါ ထပ်တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖလံအိုရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ခြောက်ဆယ်ခန့်ဟာ မနေ့ညနေပိုင်း ချိုင်ရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အိမ်ခြေ ၂၇၀ ခန့်ရှိတဲ့ ချိုင်ရွာထဲက နေအိမ် ၁၅၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ ကိုတာတီးက RFA ကို ပြောပါတယ်။
“ရွာရဲ့ အရှေ့၊ အနောက်ကနေ တက်လာပြီးတော့ ချိုင်ရွာထဲက အိမ်တွေကို မီးရှို့သွားတာပေါ့။ အိမ်ခြေက ၁၅၀ ပါသွားတယ်ဗျ။ တစ်ခြမ်း လောင်တာတွေရော၊ အကုန်ပြာပုံ ဖြစ်တာတွေရောပေါ့။ နာမကျန်းလို့ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို သုံးဦးလည်း မီးထဲပါသွားတယ်။ ပိတ်ပြီး ကျန်ခဲ့တာ။ အရေးပေါ် ဒီကောင်တွေလည်း တရကြမ်း ပစ်ဝင်လာတာဆိုတော့ အားနည်းချက်ဖြစ်သွားတယ်။ ရှို့သွားတာ တစ်နာရီလောက်ကြာတယ်။ အနီးက ရေကြည်ရွာတော့ မရှို့သွားဘူး။ အဲနားက ဘုန်းကြီးကျောင်း လေးကျောင်းလောက်တော့ဝင်တယ်။ ဒီရွာတွေက ပုံမှန်က စစ်ရှောင်နေကျ။ မနက်ကိုခဏဝင်၊ ညနေကျတော့ တောထဲပြန်ရှောင်နေကျပဲ”
စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်တာ မရှိဘဲ အခုလို ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
နေအိမ်တွေ မီးရှို့ခဲ့တဲ့အပြင် ရွာအနီးအနားမှာပါ ကင်းပုန်းဝပ်နေတာကြောင့် ချိုင်ရွာက လူဦးရေ ကိုးရာခန့်နဲ့ ဖလံအို၊ ကန်ပေါက်စု၊ ရေကြည် စတဲ့ရွာတွေ အပါအဝင် အနီးအနားက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရွာတွေဟာ မကြာခဏဆိုသလို စစ်ကြောင်းထိုးခံနေတာရကြောင့် ရွာနဲ့အနီးအနားမှာ စစ်ဘေးရှောင်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ တောတိုက်တွေထဲ ဝင်ရောက်ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိ ရာသီဥတုလည်း ပူပြင်းလာတာကြောင့် စားရေး၊ သောက်ရေးနဲ့ ဆေးဝါးအခက်အခဲတွေ အရေးပေါ် ကြုံနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ချိုင်ရွာ မီးရှို့ခံရမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မီးရှို့ခံရမှုကိစ္စတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။