သန်းခေါင်စာရင်းကောက်ယူရေး ဝန်ကြီးဦးခင်ရီ ရှင်းလင်း

မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

census-305

မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အခုလို ဖိတ်ခေါ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ဝန်ကြီးဦးခင်ရီ က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

" သန်းခေါင်းစာရင်းရဲ့အနှစ်သာရကိုကလေ အားလုံးပါဝင်ရေးက အဓိကကျတော့ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ လွယ်လွယ်ကူကူတွေ့လို့ ပြုလို့ရတဲ့ ကျနော်တို့ နိုင်ငံသားတွေ တွေ့ဆုံ့ဆွေးနွေးခွင့်ရသလို နယ်စပ်ဒေသမှာ အများအားဖြင့်နေနေကြတဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ နောက် ဒီ နယ်စပ်ဒေသမှာအနေများတဲ့ ကျနော်တို့နိုင်ငံသားတွေလည်း ဒါ သိသင့်ပြီးတော့ ပါဝင်ရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ချင်းမိုင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စတွေ လာဆွေးနွေးရင်းနဲ့ပေါ့လေ သူတို့ ကလည်းတောင်းဆိုလို့ ဒီအစည်းအဝေးက ဖြစ်သွားတဲ့ သဘောပါ။ (census) ရဲ့ အဓိကရည်ရွယ်ချက်က ဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးချင်တာ၊ ကိန်းဂဏန်းလိုတာပေါ့၊ ယောကျာၤးလား၊ မိန်းမလား၊ လူဦးရေ ဘယ်လောက်ရှိသလဲ၊ ပညာတတ်လား၊ မတတ်ဘူးလား၊ စသဖြင့် ဒီအပေါ်မူတည်ပြီးတော့ ဒီဒေသမှာ နိုင်ငံတော်အစိုးရက ဘာလုပ်ပေးရမလဲ၊ ဒီလိုဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်တဲ့အပေါ်မှာ နိုင်ငံရေးအနေနဲ့ စဉ်းစားတယ်။ အခြားနည်းတွေနဲ့ စဉ်းစားတဲ့အခါကျတော့ ရှုပ်ထွေးနေတယ်။ ရှုပ်ထွေးနေတော့ ဒါတွေက ရှင်းပြနိုင်တာနဲ့အမျှ တဆင့်ချင်း ရှင်းသွားတာပေါ့"

တဆက်တည်းမှာပဲ ဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေကို ဝန်ကြီးဦးခင်ရီ ကနေ ၂၀၁၄ ခုနှစ်မတ်လ ၃၀ ရက်ကနေပြီး ဧပြီလ  ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာပြုလုပ်မယ့် လူဦးရေ သန်းခေါင်စာရင်းကောက်ခံမှု ပုံစံနဲ့ အချက်ပေါင်း ၄၀ ကျော်ကို အဆင့်ဆင့် ရှင်းပြခဲ့သလို နိုင်ငံတကာ ပညာရှင် ၁၅ ယောက်ရဲ့ အကြံပေးမှုအကူအညီနဲ့ သက်ဆိုင်ရာ နယ်အလိုက်ပူးပေါင်းကောက်ခံသွားမှာဖြစ်တယ်လို့လည်း အချက်အလက်နဲ့တကွ ရှင်းလင်းသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို အဓိကကူညီဆောင်ရွက်ပေးနေတဲ့ UNFPA (United Nations Populations Fund Activities) အဖွဲ့က Ms Janet Jackson ကလည်း  မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ ကောက်ခံ သွားဖို့ပြင်ဆင်ထားကြောင်း ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးကြောင်း ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထားရှိဖို့ လိုအပ်ကြောင်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီကနေ့  ရှင်းလင်းပြခဲ့တာတွေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က အထွေထွေအတွင်းရေးမှူး ဖဒိုမန်းမန်းက တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေသေးကြောင်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

" ကျနော်တို့ အဓိကစိုးရိမ်ချက်ကတော့ ဒီတိုင်းရင်းသာ လူမျိုးစုတွေကို သတ်မှတ်တဲ့နေရာမှာပေါ့နော်၊ မျိုးနွယ်စုဝင်တွေက အများကြီးရှိနေပေမဲ့လည်း ဒီမျိုးနွယ်စုဝင်အားလုံးက ဒါ လူမျိုးစုတစ်စုထဲမှာ ဖြစ်တယ်ဆိုတာကို၊ ဒါဖြစ်ရပ်မှန်ဖြစ်တယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့မျိုးနွယ်စုဝင် အားလုံးက လူမျိုးစုတစ်စု ပြန်ပေါ်လာဖို့ဆိုရင် နိုင်ငံတော်က ဖော်ပြထားတဲ့ ဒီ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိပါတယ်ဆိုတဲ့ အနေအထားပေါ်မှာ ဒါတွေကတော့ ကျနော်တို့ ဖြစ်သွားနိုင်တယ်ပေါ့နော်။ နောက် ကျနော်တို့ ဒီလက်ရှိ သန်းခေါင်းစာရင်း ကောက်နေတဲ့အပေါ်မှာကတော့ တချို့ ဒီ ငြိမ်းချမ်းရေးကလည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မရောက်နိုင်သေးဘူး။ တိုင်းရင်းသားဒေသတွေမှာလည်း တချို့နေရာတွေမှာ ပစ်ခတ်ဆဲဖြစ်နေပြီးတော့ ဒုက္ခသည်တွေလည်း ရှိနေသေးတယ် ။ နောက်တခါ ပြည်ပမှာထွက်ပြီးတော့မှ ဒီ တရားမဝင်နဲ့ထွက်တဲ့ အလုပ်လုပ်နေရတဲ့ နိုင်ငံ သားတွေလည်းရှိနေတဲ့ အပေါ်မှာတော့ ဒါတွေဟာ ကျန်ခဲ့သွားနိုင်သလားဆိုတဲ့ ဒီ စိုးရိမ်ချက်တွေလည်း ရှိတာပေါ့"

ဒီဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက်ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန Myanmar Peace Center (MPC) က ကမကထ ဦးဆောင်ပြီး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ခံမှာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးခင်ရီကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org