ကိုယ်စားလှယ်လောင်း ၁၇၅ ဦးကို အရည်အချင်းပျက်ယွင်းကြောင်း ဆုံးဖြတ်
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ယောက်ထဲက ၁၆၀ ကို ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းသူတွေ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2016-02-26 -
-
-
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ယောက်ထဲက ၁၆၀ ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်သူတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်းက အခုလိုပြောပါတယ်။
"ကိုယ်စားလှယ်လောင်းကို ပြန်စစ်တဲ့အခါမျာ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတဲ့လူ မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ပြနိုင်တဲ့ပုဂ္ဂိုလ်ပေါ့နော်၊ အထောက်အထား ပြည့်ပြည့်စုံစုံ တင်ပြနိုင်တယ်၊ ကျန်းမာရေးအရ ဆေးစာတွေပြနိုင်တယ်၊ သူသွားတဲ့ရက်တွေက အတိအကျပဲဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက် ခိုင်လုံတယ်ဆိုရင်တော့ ကျနော်တို့ ခွင့်ပြုလိုက်တာတွေရှိတယ်ပေါ့နော်၊ သက်ဆိုင်ရာခရိုင် ကနေပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ ကုန်ကျစရိတ်မတင်သွင်းလို့ အရည်အချင်းပျက်တဲ့ ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေး ရန်လို့ တင်လာတဲ့ပုဂ္ဂိုလ်တွေား အားလုံး ၁၇၅ ဦးထဲမှာမှ ၁၆ ဦးလောက်ပဲ ခိုင်လုံသော အထောက်အထား များပြပြီးတော့ ကင်းလွှတ်ခွင့်ပေးလိုက်တာပေါ့နော်"
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင် က ခုံရုံးအဖွဲ့ ဖဲ့ွပြီး ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အသုံးစရိတ်တင်ဖို့ ပျက်ကွက်တဲ့ အကြောင်းရင်း လာရောက်ဖြေရှင်းသူ ၄၀ နီးပါးသာ ရှိပြီး အရည်အချင်း ပျက်ယွင်းတဲ့စာရင်းမှာ ပါဝင်သူအများစုဟာ ကော်မရှင်ထံ လာရောက်မဖြေရှင်း သူတွေဖြစ်ပါတယ်။
အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက ဖြစ်ပြီး ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီမှာ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စား လှယ်လောင်း မရှိဘူးလို့ သိရပါတယ်။
အသုံးစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက အများဆုံးဖြစ်ပြီး အမျိုးသားတိုးတက်ရေးပါတီက ဒုတိယအများဆုံးဖြစ်ပါတယ်။ အရည်အချင်းပျက်ယွင်းတဲ့စာရင်းမှာ ပါသွားတဲ့ သူတွေဟာ နောက်ရွေးကောက်ပွဲတစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ဘူးလို့ ရွေးကောက်ပွဲ ဥပဒေမှာ ပါရှိပါတယ်။