ပြည်နယ်ဝန်ကြီးကိုဖြုတ်ချဖို့ စစ်ဆေးနေတာကို စီးပွားရေးလုပ်ငန်းရှင်တွေ ကန့်ကွက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးနေတဲ့ကိစ္စကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးအဖွဲ့ချုပ်က ဒီနေ့ကန့်ကွက်လိုက်ပါတယ်။
-
2018-05-25 -
-
-
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးနေတဲ့ကိစ္စကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေး အဖွဲ့ချုပ်က ဒီနေ့ကန့်ကွက်လိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွပ်စွဲမှုတွေကို ပြန်လည်ရုပ်သိမ်းပေးစေချင်တယ်လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေး နဲ့မွေးမြူရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်ထွီး ကပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးကျော်အေးသိန်းကို လိုအပ်တယ်၊ လွှတ်တော်အမတ်များ အနေနဲ့ သူ့ကိုအဆိုတင်သွင်းထားတဲ့ စွပ်စွဲမှုတွေကို ရုပ်သိမ်းပေးပါ၊ ကျနော်တို့သည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြတဲ့ ဝန်ကြီး ဦးကျော်အေးသိန်းကို လိုအပ်တယ်"
ရခိုင်ပြည်နယ် စိုက်ပျိုးရေးနဲ့မွေးမြူရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်အမျိုးသမီးများကွန်ရက်၊ ကျောက်တော်မြို့မိမြို့ဖတွေ နဲ့ ဆောက်လုပ်ရေးကုမ္ပဏီအချို့က တာဝန်ရှိသူတွေ ဒီနေ့ စစ်တွေဟိုတယ်မှာ ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ကြပြီး ဝန်ကြီးအပေါ်စွပ်စွဲမှုတွေနဲ့ စုံစမ်းစစ်ဆေးနေတာတွေကို ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တစ်စောင် ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းရဲ့လမ်းညွှန်မှုနဲ့ ကျောက်တော်၊ မြေပုံနဲ့ မာန်အောင်မြို့နယ်တွေမှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးစီမံချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ကြိုး ပမ်းနေပြီး ဝန်ကြီးအနေနဲ့ တာဝန်ကနေရပ်စဲခံရမယ်ဆိုရင် အဲဒီစီမံချက်နှောင့်နှေးမှုတွေဖြစ်သွားမှာ စိုးရိမ်မိတယ် လို့လည်း ဦးမောင်ထွီးကပြောပါတယ်။
အစိုးရနဲ့လွှတ်တော်ပူးပေါင်းပြီးတော့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရအပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင်မထမ်းဆောင် တာကြောင့် တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက တိုင်ကြားထားတာဖြစ်ပြီး လက်ရှိမှာ လွှတ်တော်က ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။