ရခိုင်ပြည်သွား ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်
ခရီးသည် ၃၇ ဦးတင်ဆောင်လာတဲ့ ရန်ကုန်ကနေ ရခိုင်ပြည်နယ် တောင်ကုတ်-သံတွဲ ခရီးသည်တင် အောင်သစ္စာ ဘတ်စ်ကားဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီကနေ့ မနက် ၂ နာရီလောက်က တောင်ကုတ်မြို့ကို မရောက်ခင် မိုင် ၂ဝ ခန့်အလို နေပူတောင်မှာ ရုတ်တရက် ကားဘရိတ်ပေါက်ပြီး ချောက်ထဲထိုးဆင်းသွား ခဲ့ပါတယ်။
-
2013-01-23 -
-
-
တိမ်းမှောက်မှုမှာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၁ဝ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်မြို့က အောင်သစ္စာ ကားလိုင်းပိုင်ရှင် ဦးစိုးရွှေက RFA ကို အတည်ပြု ပြောကြားပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေထဲက ဒဏ်ရာပြင်းထန်တဲ့သူတွေကို သံတွဲဆေးရုံကြီးကို အရေးပေါ်ပြောင်းရွှေ့ပေးလိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိတဲ့သူတွေဟာ သံဃာတော် ၃ ပါး၊ ကျား ၂၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၃၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့မနက်က ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဟာ နေပူတောင်အဆင်း ပေ ၁၂၀ ခန့်အမြင့်က ချောက်ထဲထိုးဆင်းသွားခဲ့တာဖြစ်ပြီး ပြည်မြို့နဲ့ဆိုရင် မိုင် ၇၀ ခန့်ကွာဝေးတဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ အောင်သစ္စာ ခရီးသည်တင် လေအိတ်ကားလိုင်းဟာ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။