ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာမှာ နေအိမ် ၃၆ လုံး မီးရှို့ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၄ ရက် မနေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က ဝင်ရောက်လာပြီးနောက် ဒေသခံ ရွာသားသုံးဦး ဖမ်းဆီးခံခဲ့ရသလို နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခြင်းခံရသည့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ယောတော်လှန်ရေးတပ်-YRA (ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၄ ရက် မနေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က ဝင်ရောက်လာပြီးနောက် ဒေသခံ ရွာသား သုံးဦး ဖမ်းဆီးခံခဲ့ရသလို နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဝါးရင်းချိုင်ရွာသားတွေ ဖြစ်တဲ့ ကိုကျော်စိုးမင်း၊ ကိုမင်းဇော်နဲ့ ကိုအောင်နိုင်ဟိန်းတို့ ဖြစ်ကြပြီး အဲဒီထဲက ကိုကျော်စိုးမင်းကိုတော့ စစ်ကောင်စီ တပ်သားတွေက ထီလင်းမြို့အရောက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကတော့ ဒီနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဝါးရင်းချိုင်ရွာဘက်က အခြေအနေကတော့ အိမ် ၃၆ လုံး ပါသွားတယ်။ သူတို့က ထီးလင်းမြို့ကို ဆုတ်တဲ့အချိန်မှာ ရှို့သွားတာဗျ။ အခုကျနော်တို့ ဝါးရင်းချိုင်ရွာက အပြစ်မဲ့ပြည်သူတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတယ်ဗျ"

စစ်ကောင်စီတပ်သားတွေက အဲဒီရွာကနေ မီးရှို့ပြန်ထွက်သွားပေမယ့် ဒေသခံရွာသားတွေ ကတော့ လက်ရှိအချိန်အထိ ရွာထဲပြန်မဝင်သေးဘူးလို့ ပြောပါတယ်။

အဲဒီရွာအနီးကို စစ်ကောင်စီ စစ်ကြောင်းရောက်ရှိချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ မဖြစ်ခဲ့ပေမယ့် ရွာကိုဝင်ရောက်မီးရှို့ချိန်မှာတော့ ထီးလင်း PDF ဘက်က လက်နက်ကြီးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ PDF တွေဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ထီးလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ပါးမျဉ်းရွာ၊ အကြည်ဘန်းရွာ၊ ငါးဆင်းရွာက လူဦးရေ ၁၀၀၀ ခန့် ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org