ပေါက်မြို့နယ် စသိန်းရွာက နေအိမ် ၂၄၀ ကျော် မီးရှို့ခံရပြီး သက်ကြီးရွယ်အို နှစ်ဦးပျောက်ဆုံးနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေအိမ် ၂၄၁ လုံး မီးရှို့ခံခဲ့ရသလို ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို နှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေအိမ် ၂၄၁ လုံး မီးရှို့ခံခဲ့ရသလို ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို နှစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၇၀ ဝန်းကျင်တွေဖြစ်တဲ့ ဒေါ်လှဟန်နဲ့ ဦးမောင်ခင် တို့ဖြစ်ပြီး သူတို့နေထိုင်တဲ့ နေအိမ်တွေလည်း မီးထဲပါသွားပြီလို့ ရွာထဲဝင်ရောက် ရှာဖွေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာကတည်းက ထွက်ပြေးနေခဲ့ကြရတဲ့ ကျေးရွာသားတွေ ဒီနေ့ ရွာထဲကို ပြန်ဝင်ကြည့်ရာမှာ တစ်ရွာလုံးနီးပါး မီးရှို့ခံထားရပြီး နေအိမ် ၅၀ ကျော်လောက်သာ ကျန်တော့တာကို တွေ့ရတယ်လို့ ဒေသခံ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ရွာ မီးရှို့ခံရတာ တစ်ရွာလုံးနီးပါးလောက် ပါသွားတယ်။ မီးရှို့ခံရတာက နေအိမ် ၂၄၁ အိမ် ပါသွားတယ်ဗျ။ ကျန်တဲ့အိမ်က လေးဆယ်ကျော် ငါးဆယ်လောက်ပဲ ကျန်တော့တယ်။ အိမ်ခွဲလေးတွေတော့ ရှိတာပေါ့ဗျာ။ အကုန်လုံးပေါင်းရင် လောင်တာ များတာ သုံးရာနီးပါးရှိမှာ။ ကျနော်တို့ ရွာထဲဝင် ရှင်းလင်းတော့ အသက် ၇၀ ကျော် အဖိုးနဲ့ အဘွားက ရှာလို့ မတွေ့ဘဲ ဖြစ်နေတယ်။ အဲမှာရော မီးရှို့သွားပုံ ရတယ်"

နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ရွာကို မဝင်ခင်မှာ သက်ကြီးရွယ်အို နှစ်ဦးကို သူ့သားသမီးတွေ ခေါ်ပေမယ့် ခေါ်မရခဲ့သလို အခုလို ဆိုးဆိုးရွားရွား မကြုံရနိုင်ဘူး လို့ ယူဆချက်ကြောင့် မိသားစုတွေက ထားခဲ့တာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေ့ ညနေ ၆ နာရီကျော်ကနေ နောက်တစ်နေ့ မနက်ပိုင်း ရွာက ပြန်မထွက်ခင်အချိန်အထိ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကားလေးစီး၊ ထွန်းစက် နှစ်စီးနဲ့ ဇီးပြားရွာက ပျူစောထီးတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ချိန် နိုဝင်ဘာလ ၂၀ ရက် နေ့ကစပြီး ကျွန်းတိုင်း၊ ဂွေးဂုဏ်၊ စသိန်း စတဲ့ ရွာတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ ဒေသအခြေစိုက် PDF အဖွဲ့တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ကျွန်းတိုင်းရွာကို မီးရှို့ပြီးနောက် ဂွေးဂုဏ်ရွာရဲ့ တောင်ဘက် လေးဖာလုံခန့်အရောက်မှာ ပေါက်မြောက်ပိုင်း တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပေါက်မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

"တိုက်ပွဲဖြစ်တော့ ကျနော်တို့ဘက်က နောက်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ စသိန်းရွာ အဝင်နားလေးမှာ အထိုင်စခန်းချ စောင့်နေတယ်။ သူတို့ နေလယ် ၁၂ နာရီမှာ သေနတ်တွေ ပစ်ဖောက် ထပ်တက်ဝင်လာတော့ အဲဒီမှာ ကျနော်တို့ ခံပစ်တယ်ဗျ။ တိုက်ပွဲက တစ်နာရီလောက် ကြာသွားတယ်ဗျ"

အဲဒီနေ့ ညနေ သုံးနာရီခန့်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သူတို့ရဲ့ အထိုင်စခန်းကို ဘေးဘက်တွေက ဝိုင်းပိတ်ဆို့ ပစ်ခတ်တဲ့ အခါ လက်နက်အင်အားချင်း မမျှလို့ နောက်ဆုတ်ပေးခဲ့ရပြီးနောက် ရွာကို မီးရှို့တာလို့ ပြောပါတယ်။

အဲဒီရွာအနီးက ဂွေးဂုဏ်ရွာ နေအိမ် လေးလုံးနဲ့ ညောင်ရင်းရွာက နေအိမ် သုံးလုံးခန့်လည်း မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျွန်းတိုင်းရွာ၊ စသိန်းရွာ၊ ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနဲ့ ဂွေးဂုဏ်ရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေကနေ ၂၂ ရက်အထိ အိမ်ခြေ ၂၄၀ ခန့်ရှိတဲ့ ပေါက်မြို့နယ် ကျွန်းတိုင်းရွာ မီးရှို့ခံရလို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org