အရာတော်နဲ့ မြင်းမူမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံမီးရှို့ခံရ
အရာတော်နဲ့ မြင်းမူမြို့နယ်မှာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-02-26 -
-
-
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး ခြောက်ရက်ကြာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းကြီးကျောင်း သုံးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဆေးရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းမူမြို့နယ်၊ ကန်တော်ရွာက ဘုန်းကြီးကျောင်း သုံးကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ Zero ပြောက်ကျားအဖွဲ့ တာဝန်ရှိသူ ကိုမုတ်ဆိတ်က ပြောပါတယ်။
"ကန်တော်ရွာက ဘုန်းကြီးကျောင်းတွေချည်းပဲ ရှို့နေတာ။ အဲဒီမှာ စစ်ရှောင်တွေနေတာ ရှိတယ်။ အခုက အကုန်လုံးက ပြေးကြရတော့တာ"
RFA နဲ့ အဆက်အသွယ်ရတဲ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေသလို ဂျက်တိုက်လေယာဉ် လာရောက်တာပါ ရှိနေတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာပဲ မြင်းမူမြို့နယ်ထဲက ကန်တော်ရွာ၊ ကန်ပြားရွာ၊ ဆပ်ပြာကျင်းရွာ၊ ခွက်ခွင်းရွာ၊ လက်ပဲကျင်းရွာနဲ့ ပဲကူရွာက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့လည်း ကိုမုတ်ဆိတ်က ပြောပါတယ်။
ဒီမတိုင်ခင်ကလည်း ငါးကင်းရွာ၊ ပဒတ္တိုင်းရွာ၊ ညောင်ပင်ကန်ရွာ၊ စိုင်မြစ်နဲ့ ကန်ဆွယ်ရွာ တွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်က မလဲသာရွာကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ် က စစ်ရဟတ်ယာဉ်နဲ့ ဝင်ရောက်စီးနင်းပြီး စာသင်ကျောင်းနဲ့ ဆေးရုံကို မီးရှို့ဖျက်ဆီးခဲ့တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က မင်းရွာကိုလာတော့ ဒီကအဖွဲ့တွေက ရွာမီးရှို့မှာစိုးလို့ ကာထားတော့ သူတို့ထွက်မရတော့ဘူး။ အဲဒီတော့ ဘာမှမဆိုင်တဲ့ ပြည်သူပဲရှိတဲ့ မလဲသာရွာကို ဟတ်စကီးလေးစင်းနဲ့ ဝင်စီး၊ ရွာသား ၁၅၀ လောက်နဲ့ ဒဏ်ရာရ သာမန်ပြည်သူတွေ ထားတဲ့ ဆေးရုံကို မီးရှို့၊ အခုမင်းရွာကြီးပါ မီးရှို့သွားတယ်"
အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ အဲဒီရွာတွေ အနီးတစ်ဝိုက်က ရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
အဲဒီအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လက်ရှိညနေပိုင်းမှာတော့ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။