ဘုတလင်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
ဘုတလင်မြို့နယ်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အခုအချိန်အထိ ပြန်မလွတ်သေးပါဘူး။
-
RFA Burmese
2024-10-30 -
-
-
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အခုအချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၃၀ ရက် ဒီနေ့ ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်ကတည်းက စစ်ကောင်စီရဲ့ အင်အားတစ်ရာကျော်ပါတဲ့ တပ်မ ၃၃ စစ်ကြောင်းက ဘုတလင်မြို့နယ်ထဲက ရွာတွေကို စီးနင်းပြီးနောက် အရပ်သား ခြောက်ဆယ်ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ရွာတွေထဲ တကျော့ပြန်စစ်ကြောင်းထိုးပြီး အရပ်သား နှစ်ဆယ်ကျော်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်းတဲရွာမှာ အောက်တိုဘာလ ၃၀ ရက် ဒီနေ့အထိ တပ်စွဲထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အင်းတဲရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ရွာမြောက်ပိုင်းကနေအိမ် နှစ်လုံးလောက် မီးရှို့ဖျက်ဆီးခံထားရပါတယ်။ အရပ်သားတွေလည်း စစ်ကောင်စီတပ်နဲ့အတူ ဖမ်းဆီးခံထားရတာပါ။ ဒါက စစ်တပ်က အရပ်သားတွေကို လူသားဒိုင်းကာ အဖြစ်လုပ်ထားတာပါ”
အရပ်သားတွေ ရှိနေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တုံ့ပြန်တိုက်ခိုက်ဖို့ အခက်အခဲရှိတယ်လို့ ဘုတလင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ တပ်မ ၃၃ ပူးပေါင်းစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း အရပ်သား နှစ်ဆယ်ကျော်ကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်ထဲက စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဘုတလင်မြို့နယ်ထဲက စီပါနဲ့ မြောက်ကြည်ရွာ အပါအဝင် စစ်ဘေးဒုက္ခသည် သုံးသောင်းခန့်ဟာ တစ်လနီးပါးကြာသည်အထိ နေရပ်မပြန်နိုင်ကြ သေးပါဘူး။