ဘုတလင်မှာ ကျေးလက်ဆေးခန်း တိုက်ခိုက်ခံရမှု ရှစ်ဦး သေ၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ
ဘုတလင်မြို့နယ်၊ ထနောင်းကုန်းရွာ ကျေးလက်ဆေးခန်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကျေးလက်ကျန်းမာရေး ဆရာမတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
-
RFA Burmese
2024-07-11 -
-
-
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းရွာ ကျေးလက်ဆေးခန်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ကျေးလက်ကျန်းမာရေး ဆရာမတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရွာအနီးမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကျေးလက်ဆေးခန်းမှာ ဆေးကုသမှုပေးနေစဉ် ကျေးလက်ဆေးခန်းကိုပါ ထပ်မံတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ဆယ်ဦးထက်မနည်းရှိနေပြီး အဲဒီအထဲမှာ ကျေးလက်ကျန်းမာရေးဆရာမရဲ့ သားဖြစ်သူ အသက် ၁ နှစ်ခွဲအရွယ် ကလေးတစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ဆုံး ရွာအနားက စစ်ဆေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတာ။ အဲဒီမှာတော့ သေဆုံးသူမရှိသေးဘူး။ ဒဏ်ရာရတဲ့ ရဲဘော်ကို ရွာထဲက ဆေးခန်းမှာ ဆေးသွားကုပေးတာပေါ့။ တခြား တော်လှန်ရေးရဲဘော်တွေလည်း ဝိုင်းကူကြနဲ့၊ ရွာသားတချို့လည်းရှိတယ် ဆေးခန်းမှာ။ အဲဒါ ဆေးခန်းကို ဒရုန်းနဲ့ ထပ်ပြီး ဗုံးတည့်တည့် ချသွားတာ။ ပွဲချင်းပြီးဆုံးတာလည်း ရှိတယ်။ နောက်မှလည်း ဆုံးတာရှိတယ်။ ဆေးကုပေးနေတဲ့ ဆရာမရဲ့ သားလေးကတော့ အသက်လုပြီး ကုနေရတဲ့ အနေအထားပေါ့”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ဆက်သွယ်တဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလောဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် အင်းသာရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း နန်းချောင်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ စစ်ကောင်စီက အဆင့်မြင့် ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှု များလာပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။