ရုပ်သံလုပ်ကိုင်ခွင့် တန်းတူရမယ်လို့ ဝန်ကြီးပြောကြား

ရုပ်သံလုပ်ငန်းလုပ်ကိုင်ခွင့် တင်ပြထား သူတွေ အများအပြားရှိနေပြီး တန်းတူညီမျှ လုပ်ကိုင်ခွင့်တွေရရှိလာဖို့ ဆွေးနွေးဆောင် ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မေလ ၂၇ ရက်နေ့ကကျင်းပတဲ့ ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ရုပ်သံလုပ်ငန်းလုပ်ကိုင်ခွင့် တင်ပြထားသူတွေ အများအပြားရှိနေပြီး တန်းတူညီမျှလုပ်ကိုင်ခွင့်တွေရရှိလာ ဖို့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောပါတယ်။

နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ကျင်းပတဲ့ ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ မှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ပြောတာဖြစ်ပါတယ်။

"ရုပ်သံလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ တန်းတူညီမျှစွာ ယှဉ်ပြိုင်လုပ်ကိုင် ခွင့်ရရေးဆိုတာကိုလည်း တောင်းဆိုတာလည်းရှိပါတယ်၊ ဒါကြောင့်မို့လို့ စည်းမျဉ်း စည်းကမ်းတွေ ပြည့်ပြည့်စုံစုံ ချမှတ်ဆောင်ရွက်နိုင်ခြင်း မရှိသေးခင် ကြားကာလအတွင်းမှာ ရုပ်သံ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အလမ်း တန်းတူညီမျှရှိရေးကို ဖြစ်နိုင်သမျှ အကောင်းဆုံးဆောင် ရွက်နိုင်မယ့် နည်းလမ်းရှာဖွေမှာဖြစ်ပါတယ်"

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်မှာ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့တာဖြစ်ပြီး နည်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြဌာန်းဖို့ လိုနေသေး တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဥပဒေတစ်ခုပြဌာန်းပြီးရင် နည်းဥပဒေကို ၃ လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနက ရေးဆွဲပြဌာန်းရမှာဖြစ်ပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေမှာပါရှိတာက ပုံနှိပ်မီဒီယာလုပ်ကိုင်နေသူတွေဟာ ရုပ်သံလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းနဲ့ ရုပ်သံလုပ်ကိုင်နေသူတွေဟာ ပုံနှိပ်မီဒီယာလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရမှာဖြစ်ပါတယ်။

ဒီကနေ့အစည်းအဝေးကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေ၊ ညွန်ကြားရေးမှူးချုပ် တချို့၊ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းက တာဝန်ရှိသူတွေ၊ ရုပ်သံလုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ သတင်းမီဒီယာ ကုမ္ပဏီတချို့က တာဝန်ရှိသူတွေ စုစုပေါင်း တစ်ရာနီးပါး တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org