ရန်ကုန်က မြို့နယ်လေးခုမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

လှိုင်သာယာ၊ လှိုင်၊ အင်းစိန်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း လှိုင်သာယာ၊ လှိုင်၊ အင်းစိန်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ အောက်တိုဘာ ၂၉ ရက်ည ၈ နာရီခန့်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ည ၈ နာရီလောက် လှိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိန်း တပ်ဝင်းဘက်မှာ ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် အိမ်ပါ တုန်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ အိမ်တွေပါ တုန်တာ။ ၈ နာရီပတ်ဝန်းကျင်လောက် ပေါက်ကွဲသံကြားပြီးတော့ လူတွေလည်း အကုန်အိမ်ထဲ ပြန်ဝင်ကြတာပေါ့။ ပေါက်ကွဲတဲ့နေရာ အတိအကျတော့ မသိဘူး။ ဘယ်သူမှ ထွက်မကြည့်ရဲဘူးလေ။ အဲဒီတစ်ချက်ကြားပြီးတော့ ၉ နာရီနောက်ပိုင်းကျတော့ သေနတ်သံတွေ တောက်လျှောက်ကြားတယ်။ ၁၅ ချက်လောက်တောင်ရှိမယ်”

တစ်ချိန်တည်းမှာပဲ လှိုင်သာယာမြို့နယ် မိုးလုံလေလုံ အားကစားကွင်းအနီး၊ အင်းစိန်မြို့နယ်က Star တာယာ စက်ရုံရှေ့နဲ့ မြောက်ဒဂုံမြို့နယ် တံတားဖြူ မှတ်တိုင်အနီးမှာလည်း ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တခြားနေရာတွေမှာ ပေါက်ကွဲသံတွေ ကြားတယ်လို့ မိတ်ဆွေတွေက လှမ်းပြောတယ်။ ကျွန်တော်တို့ လှိုင်သာယာမှာလည်း ပေါက်ကွဲသံ အကျယ်ကြီး ကြားတယ်။ ဗြောက်လား၊ ဗုံးလား သေချာမသိဘူး။ အကုန် အိမ်ထဲဝင်ပြေးကြတော့ အပြင်က အခြေအနေ သေချာမသိလိုက်ဘူး”

ဒါတွေဟာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှု ဖြစ်တယ်လို့ ရန်ကုန် မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရန်ကုန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတွေကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်သားတွေ သေဆုံးနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအပေါ် စစ်ကောင်စီဘက်ကလည်း အောက်တိုဘာလ ၃၀ ရက်ဒီနေ့ နေ့လယ်အထိ သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အောက်တိုဘာ ၂၆ ရက်ည ၇ နာရီခန့်ကလည်း မရမ်းကုန်းမြို့နယ် အောင်သပြေ စစ်ကြောရေးဝန်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့သလို နာရီဝက်အကြာမှာလည်း တောာင်ဥက္ကလာမြို့နယ် မြဝတီဘဏ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီရက်ပိုင်း ရန်ကုန်မြို့တွင်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတာကြောင့် စစ်ကောင်စီ တပ်သားတွေဟာ ညပိုင်း သွားလာသူတွေကို အစစ်အဆေး တင်းကျပ်နေသလို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဧည့်စာရင်းစစ်တာတွေ ပိုလုပ်လာနေတယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org