လှိုင်သာယာမြို့နယ် စည်ပင်သာယာရုံး ဗုံးခွဲတိုက်ခိုက်ခံရ

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စည်ပင်သာယာရေးရုံးကို နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီ မော်တော်ယာဥ်တစ်စင်းအား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် မကွေးလမ်းမှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးရုံးကို မေလ ၂၇ ရက် မနေ့ကညပိုင်းမှာ အဝေးထိန်းစနစ်နဲ့ နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့က ပြောပါတယ်။

လှိုင်သာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စု ကျွန်းကြီးရွာက ပြည်သူတွေရဲ့ နေအိမ်သုံးရာကျော်ကို မေလ ၂၄ ရက်နေ့က စက်ယန္တရားတွေနဲ့ ဖျက်ဆီးဖယ်ရှားရာမှာ ပူးပေါင်းပါဝင်တဲ့အတွက် အခုလို တိုက်ခိုက်ရတာလို့ Dark shadow အဖွဲ့ တာဝန်ခံ ရဲဘော်ပန်ဒါက ပြောပါတယ်။

“အဲဒီစည်ပင်ရုံးက စစ်ကောင်စီ အမိန့်နာခံပြီး ကိုယ့်မြို့နယ်က ပြည်သူတွေရဲ့ အိုးအိမ်တွေကို ကျူးကျော်ဆိုပြီး ဖျက်ဆီးရာမှာ ပူးပေါင်းပါဝင်ခဲ့တာကြောင့် စစ်ရေးပစ်မှတ်အနေနဲ့ သတ်မှတ်ပြီး တိုက်ခိုက်ခဲ့တာပါ။ မနေ့ညက ၇ နာရီ မိနစ် ၂၀ ကျော်မှာ တစ်ကြိမ် အဲဒီပေါက်ကွဲမှု လာကြည့်တဲ့ ၇ နာရီ မိနစ် ၄၀ ကျော်လောက်မှာ တစ်ကြိမ် အဝေးထိန်းတွေနဲ့ပဲ တိုက်ခိုက်ခဲ့တာပါ”

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မြို့နယ်စည်ပင်သာယာရုံးမှာ ဗုံးနှစ်ကြိမ်ကွဲခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ် ဗုံးကွဲလို့ စစ်ကောင်စီတပ်သားတွေ ဗုံးကွဲတဲ့နေရာကို လာရောက်စစ်ဆေးချိန်မှာ နောက်ထပ်ဗုံးတစ်လုံး ထပ်ကွဲခဲ့တာလို့ လှိုင်သာယာ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ညက မြို့နယ်စည်ပင်ရုံး တိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ဘာတွေဖြစ်သွားလဲ ကြည့်ဖို့လုပ်နေတုန်း ရပ်ကွက်ထဲ စစ်ကားတွေဝင်လာလို့ ကျွန်တော်တောင် တွေ့တဲ့လမ်းထဲဝင်ပြီး ပုန်းနေခဲ့ရသေးတယ်။ ဗုံးက နှစ်ခါပေါက်တာ။ အဲဒါပြီးတော့ စစ်ကားတွေ လမ်းတွေပိတ်ပြီး စစ်တာပဲ”

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့မယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလအတွင်းမှာလည်း မင်္ဂလာဒုံ၊ အင်းစိန်၊ တွံတေးနဲ့ ကွန်းခြံကုန်းမြို့နယ်တွေက စစ်တပ်အထိုင်ချထားတဲ့နေရာတွေနဲ့ လုံခြုံရေးကင်းတဲဂိတ်တွေကို Dark Shadow အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ အခုရက်ပိုင်း ဗုံးပေါက်ကွဲမှုတွေရှိနေပြီး စစ်ကောင်စီတပ်ကလည်း လုံခြုံရေးပိုမိုတင်းကျပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org