ပုဏ္ဏားကျွန်းမြို့မှာ ဗုံးပေါက်လို့ အရပ်သား လေးဦး သေဆုံး
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီကနေ့ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားလို့ အသက် ၂၀ ကျော်အရွယ် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-06-04
-
-
-
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီကနေ့ မနက် ၁ နာရီလောက်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားလို့ အသက် ၂၀ ကျော်အရွယ် အရပ်သား လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသွားတဲ့သူတွေဟာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၀ ကျော် အရွယ်ရှိကြတဲ့ ကိုမောင်ချေ၊ ကိုစိုးဝင်းနိုင်၊ ကိုဦးညွှန့်မောင်၊ ကိုနိုင်နိုင်ထွန်းတို့ ဖြစ်ပါတယ်။
သူတို့ဟာ လယ်ကွင်းထဲမှာ ဖားရှာရာကနေအပြန် ဖားကိုမီးကင်ဖို့ မီးဖိုနေစဉ်မှာ ဗုံးပေါက်ကွဲလို့ ပွဲချင်းပြီး သေဆုံးသွားတာဖြစ်တယ်လို့ ဒီနေ့မနက်က အခင်းဖြစ်နေရာကို ကိုယ်တိုင်သွားရောက်စုံစမ်းထားတဲ့ ဒေသခံ ဦးစံထွန်းက RFA ကို ပြောပါတယ်။
ဒီအခင်းဖြစ်စဉ်ပါဝင်တဲ့ လူလေးဦးစလုံး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်လို့ ဗုံးကိုဘယ်ကရလာတယ်၊ ဘယ်လို ပေါက်ကွဲ သွားတယ်ဆိုတဲ့ ဗုံးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရဘူးလို့လည်း သူက ဆိုပါတယ်။
အခုလက်ရှိမှာတော့ သေဆုံးသွားတဲ့ လူငယ် လေးဦးရဲ့ ရုပ်အလောင်းတွေကို ပုဏ္ဏားကျွန်းမြို့ သုဿာန်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ရပ်စဲနေတဲ့ အချိန် ၇ လနီးပါးကာလအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက် ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၇ နဲ့ ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
RFA က ရရှိထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီကနေ့ ဇွန်လ ၄ ရက်နေ့အထိ မိုင်း၊ လက်နက်ကျည်တွေအပြင် နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ အရပ် သား ၃၂၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူကတော့ ၇၂၉ ဦးရှိသွားပြီဖြစ်ပါတယ်။