ထားဝယ်မှာ စစ်လက်ကျန်ဗုံးသီး ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ကလေးနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ Kwe Ka Lu

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ကလေးနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂ နှစ်ခွဲနဲ့ ၄ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးတာဖြစ်ပြီး ဒဏ်ရာရတဲ့ ၄ နှစ်အရွယ် နောက်ထပ် ကလေးတစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတစ်ယောက်တော့ ပွဲချင်းပြီး ဆုံးတယ်။ နောက် ကလေးတစ်ယောက်ကတော့ ဆေးရုံခေါ်သွားရင်းနဲ့ လမ်းမှာပဲ ဆုံးတယ်။ တောင်သုံးလုံးဒေသက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက စစ်ကာင်စီက လေကြောင်းကနေ ဗုံးကြဲတာတို့၊ မီးရှို့တာတို့ လုပ်ခဲ့တဲ့ ဒေသ။ အဲဒီမှာ ကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီးကို ကလေးတွေက ယူဆော့မိတာ”

ပြီးခဲ့တဲ့ မေလအတွင်းက တောင်သုံးလုံးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာ မြေပြင်စစ်ကြောင်းတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသားတစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org