ကရင်နီလူငယ် ခြောက်ဦးကို ဖမ်းဝရမ်းထုတ်
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားပြီး တွေ့ရှိတယ်ဆိုရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကညနေမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2019-06-01 -
-
-
Your browser doesn’t support HTML5 audio
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားပြီး တွေ့ရှိတယ်ဆိုရင် နီးစပ်ရာရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကညနေမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီလူငယ်တွေကို နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပြီး ရဲတပ်ဖွဲ့က အလိုရှိသူများအဖြစ် ဓာတ်ပုံတွေနဲ့ ရဲဇာနည် Facebook စာမျက်နှာကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူငယ် ခြောက်ဦးဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့သူတွေဖြစ်ပြီး ကြေးရုပ်ဖယ်ရှားရေးကိစ္စကို ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ မေလ ၁၄ ရက်နေ့က ဆွေးနွေးရာမှာ ပြေလည်မှုမရဘဲ ဆွေးနွေးပွဲ ပျက်သွားပြီးနောက်မှာ ကယားပြည်နယ် အစိုးရအဖွဲ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေ၊ တိုင်းရင်းသားချစ်ကြည်သွေးစည်းရေးရဲ့ ရန်သူတွေ၊ ကျေးဇူးကန်းသူတွေဖြစ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်နီလူငယ် ခြောက်ယောက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့စာကြောင့် အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။