ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပ

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး သမိုင်း မြို့မဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

၂၀၁၁၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂ ပို့စတာ၊ RFA

၂၀၀၇ ဗကသ မျိုးဆက်သစ်တွေက ဦးဆောင်ပြီ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပခဲ့တယ်လို့ ဗကသအဖွဲ့ဝင် ကိုဇာနည်က ပြောပါတယ်။

“အဓိကကတော့ဗျာ ၂၀၀၇ ကျောင်းသားများသမဂ္ဂက ကျောင်းသားသမဂ္ဂအလံကို ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ကို ပြန်ပြီးတော့ လွှင့်တင်တဲ့သဘောရယ်၊ နောက်ပြီးတော့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့အမှတ်ရဖွယ်နေ့ ဖြစ်တဲ့အတွက် ဒါတွေ မမေ့စေချင်တာရယ်။ နောက်လာမယ့် မျိုးဆက်တွေအတွက် ထပ်ပြီးတော့ အလင်းရောင်ပြတဲ့ သဘောပါပဲ။ နောက်ပြီးတော့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လုပ်မယ်ဆိုတာကိုလည်း ဒီပွဲမှာ တစ်ခါတည်း ကြေညာလိုက်တဲ့ သဘောပါပဲ”

အခမ်းအနားမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၃နဲ့ ၂၀၀၇ စတဲ့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကျောင်းသားတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာမောင်ဝံသ၊ ဆရာမကြီး ဒေါ်ခင်ဆွေဦးစတဲ့ စာပေနယ်က ထင်ရှားသူတွေနဲ့ ဧည့်ပရိသတ် ၁၅၀၀ ကျော်တက် ရောက်ခဲ့တယ်လို့ ဗကသအဖွဲ့ဝင်တွေက ပြောပါတယ်။

ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်တဲ့အတွက် ဂုဏ်ယူကြောင်း ကျောင်းသား သမဂ္ဂရဲ့အစဉ်အလာ သမိုင်းဟာ မြန်မာနိုင်ငံမှာ ကြီးမြတ်လှကြောင်းနဲ့ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး ဆက်လွှင့်ဖို့ ဦးဝင်းတင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ ကျောင်းသားတွေစုပြီး ခွပ်ဒေါင်းအလံကိုဝှေ့ယမ်းကာ သမဂ္ဂသီချင်းကို သံပြိုင်ဆိုခဲ့တယ်လို့ ကိုဇာနည်က ပြောပါတယ်။

“ခွပ်ဒေါင်းအလံကြီးကို ဝှေ့ယမ်းပြီးတော့ သမဂ္ဂသီချင်းကို သံပြိုင်ဆိုကြတာ အင်မတန် ကြက်သီးထဖို့ ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ မမြင်တာ ကြာပြီဖြစ်တဲ့ တိမ်းမြုပ် ပျောက်ကွယ်နေတဲ့ မြင်ကွင်းပါ။ ခုလို ခွပ်ဒေါင်း အလံကြီး ပြန်လည်ဝှေ့ယမ်း လာပြီးတော့ သမဂ္ဂ စိတ်ဓာတ်တွေ နိုးကြားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံတိုးတက်မှုမှာ တကယ့်ကို ရှေ့ဆောင်လမ်းပြ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲလိုမြင်ကွင်းမျိုးကို ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုကိုကြီး တို့နဲ့ အတူတူ အမြန်ဆုံးပေါ့ဗျာ၊ နောက်ထပ် တစ်ခေါက် မြင်ချင်ပါသေးတယ်”

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ တတိယ ကျောင်းသား သပိတ်တိုက်ပွဲမှာ နယ်ချဲ့မြင်းစီးပုလိပ်တွေ ရိုက်နှက်တဲ့ ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org