ဒုက္ခသည်လက်ခံရာမှာ အကြမ်းဖက်သမား မပါအောင် စိစစ်ပေးဖို့ တောင်းဆို
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်လက်ခံပေးဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားရေးအင်အားစုတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
-
2017-10-15 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေမပါဝင်အောင် စိစစ်လက်ခံပေးဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားရေးအင်အားစုတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချပွဲနဲ့ ပြည်ပနိုင်ငံတွေက ဖိအားပေးစွက်ဖက်မှုတွေကို ရှုတ်ချကြောင်း ဟောပြောပွဲမှာ တောင်းဆိုတာဖြစ်တယ်လို့ မွန်ပြည်နယ် အမျိုးသားရေးအင်အားစု ဥက္ကဌ ဦးသန်းဇော်က ပြောပါတယ်။
"ဒီဘက်နိုင်ငံမှာ အကြမ်းဖက်မှုတွေလုပ်တယ် သူတို့က၊ ဒီဘက်ကနေ နှိမ်နင်းတဲ့အခါ သူတို့ဟိုဘက်ကို သွားခြင်းဖြစ်တယ်၊ သွားတဲ့သူတွေထဲမှာ အကြမ်းဖက်မပါဘူးလို့ မပြောနိုင်ဘူး၊ စိစစ်ခံတဲ့အခါမှာ ဒီအကြမ်းဖက်တွေ မပါလာဖို့အတွက် အစိုးရက တာဝန်သိ၊ တာဝန်ခံမှုအနေနဲ့ စိစစ်ပြီးလက်ခံပေးဖို့ ဒါတွေ ကျနော်တို့ အဓိကထားပြီး တောင်းဆိုထားတာရှိပါတယ်"
ဒီနေ့ပွဲကို အမျိုးသားရေးအင်အားစု က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ်က အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၃ ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။
ပြည်ပနိုင်ငံတွေက ဖိအားပေးမှုမှန်သမျှကို ရှုတ်ချကြောင်း၊ ရခိုင်ဒေသမှာ တပ်မတော်သားတွေ၊ ရဲတွေ၊ ဒေသခံ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့သူတွေကို ကန့်ကွက်ရှုတ်ချကြောင်း၊ ရခိုင်ဒေသ အကြမ်းဖက်မှု ပြဿနာတွေဟာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးနေတဲ့အပြင် နယ်မြေကို လက်လွှတ်ရမယ့် အခြေအနေဖြစ်တာကြောင့် မဆုံးရှုံးရအောင် အစိုးရနဲ့ တပ်မတော်ကတာဝန်ယူကာကွယ်ပေးဖို့ စတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
အလားတူ အကြမ်းဖက်ရှုတ်ချပွဲတွေကို ကရင်၊ ရှမ်း ၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လည်း ပြုလုပ်ခဲ့ကြပါတယ်။