အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီလောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ လယ်ပြင်ကျေးရွာက ကလေးသုံးယောက် မိခင် ဒေါ်ခွန်တောင် ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်နှစ်ဖက်နဲ့ ညာဘက်လက်ဖျံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
-
2013-01-10 -
-
-
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသော ပြည်သူတချို့ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်
ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားမှုမရှိဘဲ အတန်ကြာ ငြိမ်သက်နေရာကနေ အခုလိုတိုက်ပွဲသံပြန်ကြားရတာ ဖြစ်ပြီး၊ ဒဏ်ရာရတဲ့ အမျိုးသမီကတော့ လုံးခင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း ကလေးတွေ ကျောင်းဆင်းချိန် အဲဒီ လယ်ပြင်ကျေးရွာမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
မိုးကောင်းကနေ ဖားကန့်ဘက်ကို အစိုးရစစ်တပ် ယာဉ်တန်း အစီး ၃၀ လောက် ရိက္ခာသွားရောက် ပို့ဆောင်နေတာကြောင့် ခရီးသွားပြည်သူတွေလုံခြုံရေးအတွက် မိုးကောင်း - ဖားကန့်လမ်းကို မနေ့မနက်ပိုင်းကစပြီး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။