၂ဝ၁၄ မတိုင်ခင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
မြန်မာအစိုးရအနေနဲ့ ၂ဝ၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အထိ စောင့်မနေဘဲ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအားလုံးကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
-
2011-11-19 -
-
-
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းက အခုလို ပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့ နိုင်ငံတကာ အဝန်းအဝိုင်းက အကြီးအကျယ် မျှော်လင့်ကြတော့မှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန် အနေနဲ့ ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးသင့်ကြောင်း သူ ပြောကြားခဲ့တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။
ဒါ့ပြင် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို တတ်နိုင်သမျှ အစောဆုံး အလည်အပတ် သွားရောက်ဖို့ စီစဉ်နေပါတယ်လို့လည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက ပြောရာမှာ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ လာမယ့် လ,အနည်းငယ် အတွင်းလောက်မှာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မစ္စတာဗီဂျေးနမ်ဘီးယားက ပြောရာမှာတော့ ဒီကိစ္စကို သက်ဆိုင်ရာ နိုင်ငံတွေကသာ ဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးစေလိုတယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ အားလုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။