ငသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်မှာ ကျေးရွာ တစ်ရာကျော် ရေနစ်မြုပ်

ဧရာဝတီတိုင်း၊ ငသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်တွေမှာ ငဝန်မြစ်ရေ မြင့်တက်လာလို့ ကျေးရွာ တစ်ရာကျော် ရေနစ်မြုပ်နေပါတယ်။

ငသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်များတွင် ငဝန်မြစ်ရေ မြင့်တက်လာသဖြင့် ရေနစ်မြုပ်နေမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ဧရာဝတီတိုင်း၊ ငသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်တွေမှာ ငဝန်မြစ်ရေ မြင့်တက်လာလို့ ကျေးရွာ တစ်ရာကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ဒုတိယအပတ်ကတည်းက ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရတာကြောင့် စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ငသိုင်းချောင်းမြို့ပေါ် ရပ်ကွက်တချို့နဲ ကျေးရွာ သုံးဆယ်ထက်မနည်း ရေကြီးလို့ နေအိမ်တွေပါ ရေမြုပ်နေတဲ့အကြောင်း ငသိုင်းချောင်းမြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ငသိုင်းချောင်းရဲ့အရှေ့က ရပ်ကွက်ပေါ့။ ငဝန်ရပ်ကွက် ရှိတယ်။ ရှေ့ဆောင်ရပ်ကွက် ရှိတယ်ဗျာ။ တာရဲ့ ဟိုဘက်အခြမ်း မြစ်ဘက်အခြမ်းမှာရှိနေတဲ့ အိမ်တွေ အကုန်လုံးလိုလိုက မြုပ်သွားပြီ။တချို့အိမ်တွေဆို အဆင့်ထိုးတယ်။အဲဒီအဆင့်ပါ ထပ်မြုပ်တယ်။ ပြီးတော့ အရင်ကတည်းက မိုးရွာရင် ရေထဲမှာပဲ နေနေရတဲ့ရွာတွေဆိုရင် အိမ်တွေပေါ်မှာပါ အခုမြုပ်တယ်"

ငဝန်မြစ်ရေ မြင့်တက်လာတာကြောင့် ငသိုင်းချောင်းမြို့က မိုးစပါးစိုက်ပျိုးဧက သုံးပုံနှစ်ပုံဟာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ စားနပ်ရိက္ခာနဲ့ လူမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

သာပေါင်းမြို့နယ်ရဲ့ အထက်ပိုင်းနဲ့ အရှေ့ဘက်အခြမ်းတွေက ရွာပေါင်းတစ်ရာနီးပါးလောက် ရေနစ်မြုပ်နေပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကလည်း သာပေါင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်လို့ စာသင်ကျောင်း ၂၅ ကျောင်းကို ဇူလိုင်လ ၂၂ ရက်ကစပြီး ယာယီပိတ်ထားရတယ်လို့ စစ်ကောင်စီ သတင်းစာတွေကနေတစ်ဆင့် ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေကြီးနစ်မြုပ်တဲ့ ဒေသတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက် အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ငဝန်မြစ်ရေဟာ ငသိုင်းချောင်းနဲ့ သာပေါင်းမြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက် တစ်ပေကျော် မြင့်တက်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနက ဇူလိုင်လ ၂၄ရက်နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org