ဧရာဝတီတိုင်းအစိုးရဟောင်းက ငွေကျပ် ၅ ဘီလီယံကျော် ပြန်ပေးမည်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေကျပ် ၅.၂ ဘီလီယံကို လာမယ့် သြဂုတ်လအတွင်း ပြန်ပေးမယ်ဆိုပြီး ဧရာဝတီ ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဘက်က အကြောင်းပြန်ကြား ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ဒီနေ့ RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ် ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့-ဖေ့စ်ဘွတ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုး ရေး ရန်ပုံငွေကျပ် ၅.၂ ဘီလီယံကို လာမယ့် သြဂုတ်လအတွင်း ပြန်ပေးမယ်ဆိုပြီး ဧရာဝတီ ကျန်းမာ၊ ပညာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဘက်က အကြောင်းပြန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ဒီနေ့ RFA ကို ပြောပါတယ်။

ဖောင်ဒေးရှင်းဘက်က တိုင်းအစိုးရအဖွဲ့ဘက်ကို အကြောင်းပြန်ကြားစာ ပေးပို့လာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်း က ပြောပါတယ်။

"ပြန်ပေးဖို့ဆိုပြီး ၁၃ ရက် ရက်စွဲနဲ့ အကြောင်းပြန်ထားတာ ရှိပါတယ်၊ သူတို့ကတော့ သြဂုတ်လ ၂ ရက်နေ့ဆို ပြန်ပြီးတော့ ပေးသွင်းနိုင်မယ်လို့ ပြောထားပါတယ်၊ ပြန်ဆပ်ဖို့ သူတို့ အကြောင်းကြားတာပေါ့လေ၊ သူတို့ရဲ့ ပြန်ကြားစာပေါ်မှာ ကျနော်တို့ တချို့ ကိန်းဂဏန်း အချက်အလက်တွေပေါ့လေ၊ ဒါလေးတွေက ရှင်းလင်းစရာတွေ၊ ညှိနှိုင်းစရာတွေ ရှိပါသေးတယ်"

သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း အဲဒီဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ၃ လ အတွင်း ပြန်ပေးဖို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဘက်က တောင်းခံစာ ထုတ်ပြန်ခဲ့ပေမယ့် ရက်ပေါင်း ၉၀ ပြည့်တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့အထိ ဖောင်ဒေးရှင်းဘက်က အကြောင်းပြန်ကြားလာတာ မရှိတဲ့အတွက် ရန်ပုံငွေတွေကို ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးထားပေးသွင်းဖို့ နောက်ထပ် သတိပေးစာတစ်စောင် ထပ်မံထုတ်ပြန်ခဲ့ရတယ်လို့ ဝန်ကြီး ဦးဌေးဝင်း က ပြောပါတယ်။

ဧရာဝတီတိုင်းရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့သလဲဆိုတာကို ပြည်သူတွေ သိအောင် ချပြပေးဖို့ ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း က တိုင်းဒေသကြီး လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့က တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို အဲဒီကိစ္စကို ပြန်လည်စစ်ဆေးဖို့ တာဝန်ပေးခဲ့ပြီး နောက်ပိုင်း နိုင်ငံတော် သမ္မတ ကိုယ်တိုင်က တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပြန်လည်စစ်ဆေးဖို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကို တာဝန်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကနေ စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတရုံးကို ပြန်လည်တင်ပြခဲ့ပြီးနောက် အဲဒီရန်ပုံငွေ ၅.၂ ဘီလီယံကို ပြန်လည်တောင်းယူဖို့ သမ္မတရုံးကတဆင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို လမ်းညွှန်ခဲ့ တာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org