အရင်တိုင်းအစိုးရက ပေးဖို့ကျန်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထဲက ကျပ်သန်း ၃ ထောင်ကျော်ပြန်ရပြီလို့ ပြော
အရင်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေထဲက ကျပ်သန်း ၃ ထောင်ကျော် ပြန်လည်ပေးဆပ်ထားပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
-
2019-02-27 -
-
-
အရင်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေထဲက ကျပ်သန်း ၃ ထောင်ကျော် ပြန်လည်ပေးဆပ်ထားပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
အရင်တိုင်းအစိုးရကနေ လက်ရှိအစိုးရကို စုစုပေါင်း ငွေကျပ်သန်း ၅ ထောင်ကျော် ပြန်ပေးရမှာဖြစ်ပြီး အဲဒီ ရန်ပုံငွေတွေကို အရင်တိုင်းအစိုးရဟောင်းက ဧရာဝတီ ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဆီကို လွှဲပြောင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။
အခုလို တစ်ဝက်ကျော် ပြန်ဆပ်ပြီးနောက် ကျန်တဲ့ငွေတွေကို လုပ်ငန်းလုပ်ကိုင်ထားတာကြောင့် လုပ်ငန်းတွေကို လွှဲပြောင်းပေးမယ်ဆိုပေမယ့် လက်ရှိတိုင်းအစိုးရက ငွေသားသာ လက်ခံမယ်ဆိုတဲ့အတွက် ကြန့်ကြာနေခြင်းဖြစ် တယ်လို့ သိရကြောင်း ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုး က RFA ကို ဒီနေ့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ကလည်း ငွေကျပ်သန်း ၃ ထောင်ကျော် ပြန်လည်ရရှိ ထားပြီဖြစ်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။
ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း ကတော့ ဒီကိစ္စဟာ ဆောင်ရွက်ဆဲဖြစ် တဲ့အတွက် မဖြေကြားနိုင်သေးကြောင်းသာ ပြောပါတယ်။
ဧရာဝတီတိုင်း အစိုးရဟောင်းရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို အသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့သလဲ ဆိုတာကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ ဖျာပုံမြို့နယ် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော်မှာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံတစ်ဝှမ်းလုံးမှာ အလားတူဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေ လွှဲပြောင်းပေးဖို့ကျန်နေတဲ့ ကိစ္စတွေကို ပြန်လည်စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ အဲဒီရန်ပုံငွေ ကျပ်သန်း ၅ ထောင်ကျော် ပြန်လည်တောင်းယူဖို့ သမ္မတရုံးကတဆင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၁၈ နှစ်လယ်ပိုင်းလောက် ကတည်းက ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။