ရခိုင်ဆရာတော်ကို ထောင်ဝင်စာတွေ့ခွင့်မရသေး
မကွေးတိုင်း သရက်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ မိသားစုဝင်တွေနဲ့ တပည့် ဒါယိကာတွေက ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ သိရပါတယ်။
-
2010-12-12 -
-
-
ဆရာတော်ကို ရန်ကုန်မှာရှိတဲ့ ဆွေမျိုး သံဃာတော်တပါးက မကြာခင်က ထောင်ဝင်စာ သွားတွေ့ခဲ့ရာမှာ မိသားစု သန်းခေါင်စာရင်း မရှိတဲ့အတွက် ထောင်အာဏာပိုင်တွေက တွေ့ခွင့် မပေးဘူးလို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
“သွားတော့ တွေ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်စုစာရင်းမှာ မပါဝင်တဲ့အတွက် ဆိုပြီး တွေ့ခွင့်မရဘူး။ ဆရာတော်ရဲ့တူ ရန်ကုန် သင်္ဃန်းကျွန်းကျောင်းမှာ နေတဲ့ ဦးပညာနန္ဒ၊ အဲဒီဆရာတော်က သွားတွေ့တာ။ ဘုန်းကြီးဆိုတော့ အိမ်ထောင်စုစာရင်းကတော့ ဘယ်ရှိပါ့မလဲ။ အဲဒါနဲ့ မတွေ့ဖြစ်သေးဘူးလို့ ကျမတို့ဆီကို အကြောင်းကြားပါတယ်”
ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို နိုင်ငံရေး စာရွက်စာတမ်း တချို့နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ထားတာ ဖြစ်ပါတယ်။ ဆရာတော်အတွက် အယူခံမှုကို ပြည်နယ်တရားရုံးက ပ,လပ်လိုက်တဲ့အတွက် နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်ကို မကြာခင် ပြင်ဆင်ချက် လျှောက်ထားဖို့ စီစဉ်နေတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။