HIV ဝေဒနာရှင်တွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်မခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေအတွက် မနေ့ညက ဧည့်စာရင်း သွားရောက်တိုင်ကြားခဲ့တာကို အာဏာပိုင်တွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
-
2010-11-21 -
-
-
ဒီဂေဟာကို တာဝန်ယူနေသူတဦးဖြစ်တဲ့ ကိုရာဇာက- ရပ်ကွက်တာဝန်ရှိသူတဦး သူတို့ထံ ဒီကနေ့ လာရောက်ပြီး လောလောဆယ် ဧည့်စာရင်းတိုင်ကြားမှုကို လက်မခံနိုင်သေးဘူးလို့ အသိပေးခဲ့ကြောင်း အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုပါတယ်။
“ညက သွားတိုင်တော့ ရဝတရုံးက ၉ နာရီလောက်ကြီး ပိတ်ထားတယ်။ ပိတ်ထားတော့ ဒီစာရွက်တွေကို ရယက က ကျနော်တို့ဆီကို ဧည့်စာရင်း အမြဲတမ်း လာယူနေတဲ့ ကိုခင်မောင်ဌေးဆိုတဲ့ ရာအိမ်မှူးအိမ်ကို ဝင်ပေးတယ်။ သူက ဒီမနက် ၁၁ နာရီထိုးတော့ အဲဒီစာရွက်တွေကို ပြန်ယူလာပြီးတော့ ဒီကိစ္စတွေကို ၂၅ ရက်နေ့ နောက်မှ လုပ်ပါတဲ့။ ၂၅ ရက်နေ့မှာ လူကြီးက ပြောင်းဆိုရင် ပြောင်းပါတဲ့၊ မပြောင်းနဲ့ဆိုရင်တော့ ကျနော်တို့ ဧည့်စာရင်း ဆက်ပေးပါ့မယ် ဆိုပြီး လာ အကြောင်းပြန်သွားတယ်”
မနေ့က ရန်ကုန်တိုင်း ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ဂေဟာကို လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ဂေဟာမှာ လူနာတွေ အရမ်းများနေမယ်ဆိုရင် သူတို့ဆေးရုံကို ပို့နိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။ ကိုရာဇာက ဂေဟာမှာ လူနာတွေ ဆက်လက် နေထိုင်ခွင့်ရပြီး ၂၅ ရက်နေ့ မတိုင်ခင် ဧည့်စာရင်း ထပ်မံတိုင်ကြားခွင့် ရရှိမယ်လို့ မျှော်လင့်ပါတယ်လို့လည်း ပြောပါတယ်။