သတင်းသမားတွေကို ခြိမ်းခြောက်တဲ့ အမျိုးသားရေးသမားတွေကို အရေးယူ
သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားရေးသမားတွေဖြစ်တဲ့ ဦးတင့်လွင် အပါ ၈ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းမီဒီယာကောင်စီကို ဒီဇင်ဘာ ၂၇ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။
-
2019-01-12 -
-
-
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလက တာမွေ Ocean Center ရှေ့မှာ ငြိမ်းချမ်းရေး ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားရေးသမားတွေဖြစ်တဲ့ ဦးတင့်လွင် အပါ ၈ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းမီဒီယာကောင်စီကို ဒီဇင်ဘာ ၂၇ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။
အရေးယူ ဆောင်ရွက်ခဲ့တယ်ဆိုပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာ မသိရှိရကြောင်း အမှန်တကယ် အရေးယူဆောင်ရွက်မှု ရှိ၊ မရှိ မသိရကြောင်း သတင်းမီဒီယာကောင်စီဝင် ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။
ဒါ့အပြင် သတင်းမီဒီယာသမားတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင်သာဆောင်ရွက်ရမှာ ဖြစ်ပြီး တစ်စုံတစ်ရာ ပြဿနာဖြစ်လာခဲ့မယ်ဆိုရင် သတင်းမီဒီယာဥပဒေ အပါအဝင် အကာအကွယ်ပေးမယ့် အဖွဲ့အစည်း ဥပဒေဆိုတာ မရှိကြောင်း ပြောပါတယ်။
သတင်းသမားတွေ ခြိမ်းခြောက်ခံရတာကို သတင်းမီဒီယာကောင်စီကတဆင့် လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒါကို ရဲတပ်ဖွဲ့က အရေးယူထားကြောင်း လူ့အခွင့်အရေး ကော်မရှင်က ကောင်စီကို အကြောင်းပြန်ခဲ့တာဖြစ်တယ်လို့ ကောင်စီဝင် ကိုသာလွန်ဇောင်းထက် က ဆိုပါတယ်။
ကော်မရှင်အနေနဲ့ လာမယ့် တနင်္လာနေ့မှာ အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းသွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။