မုန်တိုင်းသင့်မြန်မာအတွက် ကန်ဒေါ်လာ ၁၀ သန်းခွဲ ဩစတြေးလျကူညီမည်

မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဩစတြေးလျအစိုးရက ထုတ်ပြန်ပါတယ်။

မိုခါမိုတိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဇော်မဒတ်ရွာမှ အခြေခံပညာ မူလတန်းကျောင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။

မိုခါမုန်တိုင်းသင့် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း ထောက်ပံ့ကူညီ သွားမယ်လို့ ဩစတြေးလျအစိုးရက ဇွန်လ ၂၅ ရက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းသင့်ပြည်သူ ၁ ဒသမ ၆ သန်းအတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေကနေတစ်ဆင့် အကူအညီပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အခုလိုထောက်ပံ့ကူညီမှုကနေ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုတာ ဒါမှမဟုတ် တိုက်ရိုက်အကျိုးအမြတ်ရှိတာမျိုးမဖြစ်ရအောင် ကုလအဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်မှု အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ အတားအဆီးမရှိစေရေး ပံ့ပိုးပေးဖို့အတွက် အာဏာသိမ်းစစ်တပ်ကို ဆက်လက် တိုက်တွန်းတယ်လို့ ဩစတြေးလျအစိုးရက ဆိုပါတယ်။

ဩစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မုန်တိုင်းသင့်ပြည်သူအတွက် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်း ထောက်ပံ့ကူညီ သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၀ ဒသမ ၅ သန်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ဒေါ်လာ ၂ သန်း ထောက်ပံကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ဩစတြေးလျနိုင်ငံက ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၅ သန်း ထောက်ပံ့ကူညီထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org