ကိုအောင်ကိုထွေးကို ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက ဒီပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်” ချမှတ်လိုက်ပါတယ်။
-
2018-03-28 -
-
-
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက ဒီပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်” ချမှတ်လိုက်ပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာ အမိန့်ချမှတ်လိုက်ပြီး နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ ထပ်မံတရားစွဲဆို လိုက်တယ်လို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးက ပြောပါတယ်။
"အခု ကျနော့်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတယ်။ တရားရေးအရ ကျနော် ဖြေရှင်းခွင့်မရဘဲနဲ့ သေဒဏ်ကျခဲ့ တာကို ကျနော် ပြောခဲ့တာ။ ဒါကို တပ်မတော်မှာ အကြည်အညို ပျက်တယ်ဆိုပြီးတော့ ကျနော့်ကို ၅၀၅ (ခ)နဲ့ ထပ်ပြီးတော့ တရားစွဲတယ်။ အခုထပ်ပြီးတော့ နိုင်ငံတော် တံဆိပ်ခေါင်းနဲ့ ထပ်ပြီး တရားထပ်စွဲတယ်။ ဒါတွေဟာ ကျနော်တို့ ဘယ်လိုပြောရမလဲ တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူးလို့ ကျနော်ထင်တယ်"
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ရုံးထုတ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တဲ့အတွက် ထပ်တိုးအမှုဖွင့်ခံရတာဖြစ်ပါတယ်။
အဲဒီပုဒ်မကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်က တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပေမယ့် အမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဖြေကြားမှုမရှိဘဲ ရှောင်ထွက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းထောက်တွေနဲ့ ကိုအောင်ကိုထွေးကို ဝန်းရံသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင်လိုက်တဲ့အတွက် ကိုအောင်ကိုထွေးနဲ့ ဝန်းရံသူတွေထဲက တချို့ကမကျေနပ်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တက်နင်းခဲ့ကြပါတယ်။
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ ပုဒ်မ ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံးထောင်ဒဏ် ၆ လ ချမှတ်ခံထား ရတာဖြစ်ပါတယ်။