ငြိမ်းချမ်းရေးအကျိုးဆောင် သုံးဦးကို သတ်ဖြတ်ရေးကြံစည်မှု NUG ငြင်းဆို
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့ တည်ထောင်သူ ဦးအောင်နိုင်ဦးက သူအပါအဝင် ငြိမ်းချမ်းရေးဆောင်ရွက်နေသူ သုံးဦးကို NUG နဲ့ PDF အဖွဲ့တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာကြောင့် တားဆီးပေးဖို့ နိုင်ငံတကာသံရုံးတွေထံ တောင်းဆိုထားတဲ့ စာတစ်စောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်ထွက်လာပါတယ်။
- 2021-11-23
-
-
-
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့ တည်ထောင်သူ ဦးအောင်နိုင်ဦးက သူအပါအဝင် ငြိမ်းချမ်းရေးဆောင် ရွက်နေသူ သုံးဦးကို NUG နဲ့ PDF အဖွဲ့တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာကြောင့် တားဆီးပေးဖို့ နိုင်ငံတကာသံရုံးတွေထံ တောင်းဆိုထားတဲ့ စာတစ်စောင် ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက် နှာတွေမှာ ပျံ့နှံ့လာပါတယ်။
ဦးအောင်နိုင်ဦးက သူတို့ရဲ့နာမည်တွေဟာ (NUG) နဲ့ (PDF) တွေရဲ့ လုပ်ကြံသတ်ဖြတ်မယ့်စာရင်း Hit List ထဲမှာ ပါဝင်နေတယ်လို့ စွပ်စွဲထားပေမဲ့ NUG ဘက်ကတော့ အဲဒီစွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုထား ပါတယ်။
၂၀၁၂ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တပ်အကြား ငြိမ်းချမ်းရေး ညှိနှိုင်းပေးနေသူတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး ရဲ့ နိုင်ငံတကာသံရုံးတွေထံ တိုင်ကြားထားတဲ့ စာအရ လုပ်ကြံသတ်ဖြတ်မယ့်စာရင်း (Hit List) ထဲမှာ သူနဲ့အတူ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေနဲ့ ဒေါက်တာမင်းဇော်ဦး တို့လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ပစ်မှတ်ထားသတ်ဖြတ်မှုတွေဟာ နိုင်ငံတကာက အလေးအနက်ထားတဲ့ စံတန်ဖိုးတွေနဲ့ ဆန့်ကျင်နေတာ ကြောင့် နိုင်ငံတကာသံတမန်တွေထံ အခုလို စာရေးတောင်းဆိုရတာလို့ ဦးအောင်နိုင်ဦးရဲ့စာမှာ ရေးထား ပါတယ်။
ဒေါက်တာ မင်းဇော်ဦးကတော့ နိုဝင်ဘာလဆန်းပိုင်း မတိုင်ခင် ကောလာဟလသတင်းတွေ စကြားချိန်ကစလို့ NUG ထဲက အသိမိတ်ဆွေတွေကဆင့် မေးမြန်းကြည့်တဲ့အခါ လုပ်ကြံသတ်ဖြတ်မယ့်စာရင်းထဲမှာ သူ့နာမည် မပါကြောင်း NUG က အကြောင်းပြန်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ဒါပေမဲ့ အခုနိုဝင်ဘာလထဲမှာ တိုင်ကြားထားတဲ့ ဦးအောင်နိုင်ဦးရဲ့ စာမှာ ဒေါက်တာမင်းဇော်ဦး နာမည်ပါ ပါလာတယ်လို့ ကြားရတာကြောင့် NUG ကို ထပ်မေးတဲ့အခါ ဘာမှအကြောင်း မပြန်တော့ဘဲ မှတ်ထား တယ်လို့ အဓိပ္ပာယ်ရတဲ့ “Noted” ဆိုတာမျိုးပဲ ပြန်လာတယ်လို့ သူက ဆက်ပြောပါတယ်။
ပထမပိုင်းမေးချိန်က စာရင်းကြည့်ပေးပြီးမှ ပြန်ပြောမယ်ဆိုတာကြောင့် လုပ်ကြံသတ်ဖြတ်မယ့်စာရင်း (Hit List) တော့ရှိတယ်ဆိုတဲ့သဘော ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ မင်းဇော်ဦး က ဆိုပါတယ်။
လုပ်ကြံသတ်ဖြတ်မယ့်စာရင်း (Hit List) ထဲမှာ ထည့်သွင်းခံရတယ်လို့ သံသယရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ နောက်ထပ်တစ်ယောက်ကလည်း သူ့ကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်တာ မှန်ကန်ကြောင်း RFA ကို အတည်ပြုပြောဆိုပါတယ်။
အဲဒီစာရင်းကိုတော့ မမြင်ရသေးကြောင်း၊ ဒါပေမဲ့ အသိမိတ်ဆွေပေါင်းမြောက်မြားစွာက ဒီစာရင်းထဲမှာ သူ့အမည်ပါနေတာ မှန်ကန်ကြောင်း အတည်ပြုပေးကြတယ်လို့ အဲဒီလုံခြုံရေးအရ အမည်မဖော်လိုသူက ပြောပါတယ်။
သူကတော့ ဇွန်လကတည်းက ခြိမ်းခြောက်ခံရတာဖြစ်ပြီး စေခိုင်းခံရသူကိုယ်တိုင်က လာသတ်မယ့်အကြောင်း ဆက်သွယ်ပြောဆိုလာတာလို့လည်းဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ရင် NUG ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းတာမျိုးမလုပ်ဘဲ နိုင်ငံတကာသံရုံးတွေကို လျှို့ဝှက်တိုင်ကြားတာဟာ NUG ကို ပုံဖျက်တာသာဖြစ်တယ်လို့ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က RFA ကို ပြောပါတယ်။
“သူတို့အနေနဲ့ ရိုးသားတယ်ဆိုရင်ပေါ့နော် NUG ထဲမှာရှိတဲ့ဝန်ကြီးတွေ တော်တော်များများက သူတို့သိ နေတာပဲ၊ သူတို့ဘာလို့ အရင်မချဉ်းကပ်သလဲပေါ့၊ ဒီလိုလုပ်ကြံသတ်ဖြတ်ဖို့ဆိုတာလည်း ကျနော်တို့မှာ ပေါ်လစီလည်း မရှိပါဘူး၊ ကျနော်တို့ရဲ့ အခြေခံမူနဲ့ ဆန့်ကျင်တဲ့ဟာတော့ ဘယ်တော့မှလုပ်မှာလည်း မဟုတ်ဘူး၊ အခြေခံမူကလည်း ထုတ်ပြန်ထားပြီးသားဖြစ်တယ်၊ ကျနော်တို့ရဲ့အခြေခံမူတွေ ဘာလဲ ဆိုတာလည်း သူတို့သိကောင်းသိပါလိမ့်မယ်၊ ဒါပေမဲ့ ဘာဖြစ်လို့ ကျနော်တို့ကို အရင်မဆွေးနွေး မဆက်သွယ်ဘဲနဲ့ လျှို့ဝှက်ပြီးမှ နိုင်ငံတကာကို စာရေးသလဲဆိုတာ ဒါအင်မတန်မှ သံသယဝင်စရာ ရှိတာပေါ့၊ ဒါကပေါက်ကြားလာလို့သာ ကျနော်တို့ကသိရတာ၊ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာ သံတမန်တွေက သူတို့ရဲ့စကားကိုမယုံလို့သာ ကျနော်တို့ဆီကိုရောက်လာတယ်လို့ပဲ ယူဆတယ်၊ အဲတော့ သူတို့က ဒါက ဘာရည်ရွယ်ချက်နဲ့ အဲလိုမျိုးလျှို့ဝှက်ပြီးတော့မှ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ ရဲ့ပုံကိုဖျက်ဖို့ ကြိုးစားသလဲပေါ့”
ပြည်သူတွေအားလုံးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့အချိန်မှာ ဘာမဆိုဖြစ်နိုင်သလို၊ NUG အနေနဲ့လည်း လောလောဆယ်မှာ ကိစ္စအားလုံးကို ထိထိရောက်ရောက်ကိုင် တွယ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။
ဦးအောင်နိုင်ဦးက သံတမန်တွေဆီပို့တဲ့စာထဲမှာတော့ အောက်တိုဘာလထဲမှာတင် NUG နဲ့ PDF က လက်နက်မဲ့ပြည်သူ ၁၈၈ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းနဲ့ စစ်အာဏာရှင်အတွက် ဒလန်သူလျှိုလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်မှတ်ထားသတ်ဖြတ်တာကို နားလည်ပေမဲ့ အားလုံးဟာ တရားခွင်မရှိဘဲ လုပ်ဆောင် ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် စစ်တပ်အတွက် အလုပ်လုပ်နေတယ်လို့ ယူဆရသူ တစ်ဦးချင်းစီကို လိပ်စာတွေ ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ပြီး PDF က သတ်ဖြတ်တာတွေဟာ အစွန်းရောက်လွန်းပြီး အန္တရာယ်များတဲ့ ကိစ္စဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
"သူတို့က ဒါကဘာရည်ရွယ်ချက်နဲ့ အဲလိုမျိုးလျှို့ဝှက်ပြီးတော့မှ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျနော်တို့ရဲ့ပုံကိုဖျက်ဖို့ ကြိုးစားသလဲပေါ့"
ဦးအောင်နိုင်ဦး အပါအဝင် NUG က လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခံရသူတွေဟာ စစ်တပ်ကို သတင်းပေးနေသူတွေ၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေမဟုတ်ဘဲ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘက်မလိုက်ဘဲ အလုပ်လုပ်ခဲ့သူတွေဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“တပ်မတော်ကို သတင်းပေးတယ်ဆိုတော့ သူတို့ရဲ့ နဂိုမူလလုပ်ငန်းစဉ်မှာကိုက တပ်မတော်ကို ဘယ်လိုသတင်းပေးလို့ရမလဲ၊ သတင်းပေးတယ်ဆိုရင် ယခင်ကတည်းကတိုင် မြန်မာနိုင်ငံမှာရှိတဲ့ EAO တွေ မြန်မာနိုင်ငံအရေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ NGO တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေသည် ပိုပြီးသိတာပေါ့ဗျာ၊ သူတို့ ဒီလိုမျိုးလုပ်နေတယ်ဆိုရင် နဂိုကတည်းက ဘယ်လိုလုပ် ရပ်တည်လို့ရမလဲ၊ ဒီစွပ်စွဲချက်ကတော့ မစွပ်စွဲသင့်တဲ့ဟာပဲ၊ သူတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိပါးစေတယ်လို့ ကျနော်မြင်ပါတယ်”
အခုလူပြောများနေတဲ့ Hist List ထဲမှာ လက်ရှိခြိမ်းခြောက်ခံနေရသူတွေအပြင် လူထုလူတန်းစား အများ အပြား ပါဝင်နေတာကို သိရှိထားကြောင်းနဲ့ စစ်တပ်က ထုတ်ပြန်ချက်အရ ကျောင်းဆရာ ဆရာမတွေနဲ့ သံဃာတော်တွေ အသတ်ခံရမှု နောက်ကွယ်မှာ NUG က ကြိုးကိုင်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပါတယ်။
ဦးအောင်နိုင်ဦးရဲ့ တိုင်ကြားစာမှာလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွေ့ဆုံဆွေးနွေးရေးနဲ့သာ ဖြေရှင်းစေချင်သလို၊ ပဋိပက္ခဖြေရှင်းရေးမှာ ကွဲပြားတဲ့အယူအဆရှိတာဟာ တပ်မတော်ကိုထောက်ခံပြီး အလုပ်လုပ်ပေးတာ မဟုတ်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းရဲ့ အကြမ်းဖက်မှုကိုမဆို ရှုတ်ချတယ်လို့ ပြောထားပါတယ်။
NUG မှာ စစ်ကောင်စီရဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ Hit List စာရင်းတော့ ရှိနိုင်ပေမဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မယ့် စာရင်းမျိုးတော့ မရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
“NUG ကာကွယ်ရေးဝန်ကြီးဌာနဆိုတာ ပရမ်းပတာလူသတ်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး၊ စည်းစနစ်နဲ့ စနစ်တကျလုပ်နေတာပါ၊ ဒါကြောင့်မလို့ ဒီလိုဖြေရှင်းရမယ့်လူတွေ ဒါတွေတော့ ရှိနိုင်တာပေါ့၊ ဥပမာ ဆိုကြပါစို့ စကစခေါင်းဆောင်တွေ စစ်ဆင်ရေးမှာ ကွပ်ကဲနေတဲ့သူတွေနဲ့ ပတ်သက်လို့ Hit List တော့ ရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေမဲ့ သာမန်လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာတော့ အဲလိုမျိုးအကြောင်း အချက်မရှိနိုင်ပါဘူး၊ တစ်ခုက အစိုးရိမ်လွန်တာဖြစ်နိုင်တယ်၊ နောက်တစ်ခုကတော့ အဲလိုစာရင်းတွေ ရှိတယ်ဆိုပြီး စွပ်စွဲပြီးတော့ ကိုယ့်ကိုကာကွယ်ပေးဖို့ နိုင်ငံတကာကနေပြီးတော့ လုံခြုံမှုတွေ တရား ဥပဒေစိုးမိုးမှုတွေ လုပ်ဆောင်ပေးဖို့ဆိုပြီး အခုက စကစအလိုကျပေါ့ဗျာ NUG ကို သရုပ်ဖျက်တဲ့လုပ်ငန်း၊ နောက်ပြီးတော့ ကိုယ့်အခန်း ကိုယ်မြှင့်တင်တာမျိုးဖြစ်တဲ့အတွက် ကျနော်က မူအရတော့ လက်မခံဘူးလို့ ပြောပါရစေ”
ဦးအောင်နိုင်ဦးရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ဩစတြေးလျသံရုံး၊ ဗြိတိသျှသံရုံးတွေထံ RFA က အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ အမေရိကန်သံရုံးက
“မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းတဲ့အနေနဲ့ အကြမ်းဖက်မှုတွေကို အမေရိကန် ပြည်ထောင်စုက ခွင့်မပြုပါဘူး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့အတူ အကြမ်းဖက်မှုတွေ ရပ်တန့်ရန် စစ်အစိုးရကို ဖိအားပေးဖို့၊ မတရားဖမ်းဆီးထားခံထားရသူအားလုံးကို လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ် ” လို့ အီးမေးလ် ကတဆင့် ပြန်လည်ဖြေကြားထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ထူထောင်ခါစ မရင့်ကျက်သေးချိန်၊ တိုင်းပြည်အနေအထားတွေ ရှုတ်ထွေးနေချိန်မှာ ဒီလိုစွပ်စွဲတဲ့ကိစ္စ၊ ရန်သူလို့ထင်ပြီး လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ နိုင်ငံရေး သုံးသပ်သူတစ်ဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပြောဆိုပါတယ်။
“ဟုတ်လား မဟုတ်လားဆိုတာတော့ ကျနော်မပြောလိုဘူး၊ ကိုယ်လည်းမတွေ့ဘူး မသိတဲ့အခါကျတော့ ဘာမှဝေဖန်ချက်မပေးလိုဘူး၊ သို့သော်လည်း ကျနော်တို့ဖြတ်သန်းမှုအရ ပြောမယ်ဆိုရင်တော့ လက်နက် ကိုင်တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းတချို့ဟာ အားလုံးတော့မဆိုလိုဘူး၊ စပြီးတော့ ထူထောင်ကာစမှာ အဲလိုမျိုး ဖြစ်လေ့ဖြစ်ထရှိတာပေါ့နော်၊ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီဆိုရင်လည်း အဲလိုပဲ၊ ကိုယ့်ကို မထောက်ခံဘူးဆိုရင် ရန်သူလို့ သတ်မှတ်တာပေါ့နော်၊ နောက်ပိုင်း ရင့်ကျက်သွားတဲ့အခါကျတော့မှ တချို့ က သာမန်ပြည်သူလူထုပဲ ကိုယ့်ကိုထောက်ခံလာအောင် စည်းရုံးရမယ့်အင်အားစု ဖြစ်တယ်ဆိုတာကို သဘောပေါက်လာကြတာပေါ့”
ဒီလိုခြိမ်းခြောက်မှုတွေကို တရားစွဲလို့မရတဲ့ တော်လှန်ရေးကာလဖြစ်ပေမဲ့ ကိုယ်မလိုလားသူတွေကို ရန်သူလို့သတ်မှတ်ပြီး သတ်ဖြတ်တာမျိုးကို နိုင်ငံတကာမှာလည်း ခွင့်ပြုမထားဘူးလို့လည်း ဦးရဲထွန်းက ပြောပါတယ်။
NUG နဲ့ PDF ရဲ့ လုပ်ကြံမယ့် ဦးစားပေးစာရင်းတွေထဲမှာ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေအပြင် အခြားသူတွေလည်းပါဝင်ပြီး NUG/PDF အနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်နေသလို ခြိမ်း ခြောက်မှုတွေကလည်း အမှန်တကယ်ရှိနေတာကြောင့် အလွန်စိုးရိမ်မိတယ်လို့ ဦးအောင်နိုင်ဦးက သံရုံးတွေထံ တိုင်ကြားထားတဲ့ သူရဲ့စာမှာ ရေးထားပါတယ်။
ဒါကြောင့် NUG နဲ့ PDF ရဲ့ လွန်ကဲလာမှုတွေနဲ့ မကောင်းဆိုးဝါးသဖွယ် ဖြစ်လာနေတာတွေကို ရပ်တန့်နိုင်ရေး အရေးယူဆောင်ရွက်ပေးဖို့ ဦးအောင်နိုင်ဦးက မေတ္တာရပ်ခံထားသလို ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိန်ကန်၊ EU ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ဩစတြေးလျအပါအဝင် အခြားနိုင်ငံက အစိုးရတွေအပြင် NUG နဲ့ PDF ကို ကူညီ ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံကိုလည်း ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့စာမှာ ဖော်ပြထားပါတယ်။