ကျွန်းလယ်ရွာ ပျူစောထီးစခန်းတိုက်ခိုက်မှု ၁၄ ဦး သေဆုံးကြောင်း ပကဖပြော

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ရွာက ပျူစောထီးစခန်းကို မေလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ရွာက ပျူစောထီးစခန်းမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများကို တွေ့ရစဉ်။ Facebook/ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ရွာက ပျူစောထီးစခန်းကို မေလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း အဲဒီစခန်းကို တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၂၅) ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်ခဲ့တာလို့ မေလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ တန့်ဆည်ဒေသခံတစ်ဦးက အဲဒီရွာတွေဟာ အမျိုးသားရေးဆရာတော် ဦးဝါသဝကို ထောက်ခံသူအများစုရှိတဲ့ ရွာတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်းလယ်ရွာက ဦးဝါသဝရဲ့ ပျူစောထီးအမာခံတွေရှိတဲ့နေရာ။ စခန်းက ရွာထဲမှာတော့မဟုတ်ဘူး၊ ရွာမြောက်ဘက်မှာ အထိုင်ချထားတာ။ အဲဒီလုံခြုံရေးကင်းကို ဝင်တိုက်တာ။ အင်အား နှစ်ဆယ်ကျော်လောက် ရှိတယ်။ တချို့က ထွက်ပြေးကုန်တယ်”

ကျွန်းလယ်ရွာဟာ ကန့်ဘလူမြို့နယ်နဲ့လည်းနီးသလို အဲဒီရွာအနီးအနားက ရွာအများစုဟာ စစ်တပ်ထောက်ခံတဲ့ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကတော့ ပျူစောထီးစခန်း တိုက်ခိုက်ပြီးနောက် MA1 တစ်လက်၊ G3 တစ်လက်အပါအဝင် လက်နက် ၁၂ လက်နဲ့ ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် မဖြေကြားနိုင်သေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org