ဗြိတိသျှ ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
နိုင်ငံတကာ ခေါင်းဆောင်တချို့ကိုသာ ဂုဏ်ပြုတဲ့အနေနဲ့ အခွင့်အရေး ပေးလေ့ရှိတဲ့ ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ ညပိုင်းမှာ မိန့်ခွန်း ပြောကြားပါတယ်။
-
2012-06-21 -
-
-
ဗြိတိန် ပါလီမန် နှစ်ရပ်စလုံးကို Westminster ခန်းမကြီးထဲမှာ စကားပြောခွင့်ဟာ ကမ္ဘာကျော် နိုင်ငံ့ခေါင်းဆောင်တွေကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေး တရပ် အဖြစ် ဗြိတိန်အစိုးရက ပေးလေ့ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် မရောက်သေးပေမဲ့ အားလုံးရဲ့ အကူအညီတွေနဲ့ ဖြစ်လာလိမ့်မယ်ဆိုတာ ယုံကြည်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားသွားပါတယ်။
ဒုတိယ ကမ္ဘာစစ်ကတည်းက ဗြိတိန်ပါလီမန် နှစ်ရပ်စလုံးမှာ စကားပြောခွင့်ရတဲ့ ကမ္ဘာ့ခေါင်းဆောင် ၄ ဦးသာ ရှိခဲ့ဖူးပါ တယ်။ နောက်ပိုင်း စကားပြောခွင့် ရသူတွေကတော့ ဗါတီကန်က လက်ရှိ ပုပ်ရဟန်းမင်းကြီး ၁၆ နဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားတို့ ဖြစ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ တွေ့ဆုံပြီး နေ့လည်ပိုင်းမှာ ဝန်ကြီးချုပ် နဲ့ နေ့လည်စာ စားပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန်အစိုးရက သမ္မတကြီး ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားထားကြောင်း မြန်မာအစိုးရက အတည်ပြုပြောတယ်လို့ ဘီဘီစီ သတင်းအရ သိရပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ မသိရသေးပါဘူး။ မြန်မာအစိုးရဘက်က လည်း သမ္မတ ခရီးအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။