တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးအကြိမ် ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။ ကွတ်ခိုင် မဲဆန္ဒနယ်က ကြံံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ "တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး" အဆိုကို သူကထောက်ခံ ဆွေးနွေးတာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ဝင်ရောက် ဆွေးနွေးနေစဉ်။ AFP

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား လူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖော်ထားတာ မရှိကြောင်း၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေ တိုးတက် ဖွံ့ဖြိုးရေးတွေအတွက် လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ဆွေးနွေးပါတယ်။

တန်းတူ ညီမျှရေး အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင် ပြဋ္ဌာန်းဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားခဲ့ပါတယ်။

"ပင်လုံစိတ်ဓာတ်နဲ့ ခွာလို့မရတဲ့ တန်းတူ ညီမျှရေး၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းတို့များ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်"

အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နဲ့ နောက်ထပ် NLD လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကလည်း ဒီအဆိုကို ဝင်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဦးအုန်းကြိုင်နဲ့ ဦးမင်းသူတို့ရဲ့ ဆွေးနွေးချက်တွေဟာ ပုဂ္ဂိုလ်ရေးအရ ထောက်ခံ ဆွေးနွေးသလို ဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် နည်းဥပဒေ အရသာ ဆွေးနွေးဖို့ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်းက သတိပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org