ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ရောက်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ ဒီနေ့ ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်း မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ရောက်ရှိခဲ့ ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံမှ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ gare du Nord ရထားဘူတာရုံသို့ ရောက်ရှိလာစဉ်။ AFP

ဒီကနေ့ ညပိုင်းမှာ အယ်လီးဇီ-နန်းတော်မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလန် (ဒ်) Francois Hollande တည်ခင်းတဲ့ ညစာစားပွဲ တက်ရောက်ပြီးနောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

၃ ရက်ကြာ ပြင်သစ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံမှာပါ။ မနက်ဖြန် မနက်မှာတော့ ပြင်သစ်ရောက် မြန်မာ အသိုင်းအဝိုင်းနဲ့ ပဲရစ် မြို့တော်ခန်းမမှာ တွေ့မယ်လို့ သိရပါတယ်။

မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၄ ခုနှစ်မှာ ချီးမြှင့်ထားတဲ့ “ပဲရစ် ဂုဏ်ထူးဆောင် မြို့သားဘွဲ့” အပ်နှင်းတဲ့ အခမ်းအနား တက်ရောက်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ကိုက ပြောပါတယ်။

"ပဲရစ်က ဒေါ်စုကို ဂရဝပြု ကြိုဆိုနိုင်ဖို့ ဗမာလူမျိုး ၁၅၀ ကို သူတို့ခွင့်ပြုတယ်။ မနက်ဖြန်ခါမှာ ဗမာတွေနဲ့ တွေ့ရမယ်။ ပြီးလို့ရှိရင် နေ့လည်ပိုင်းကျလို့ရှိရင် ဒေါ်စုကို ၂၀၀၄ ခုနှစ်တုန်းက Honorary Citizen ဆိုတာလေ၊ ပဲရစ်ပေါ့။ အဲဒီဆုကို ဒေါ်စုကို ပြန်ပြီးတော့ တိုက်ရိုက်ပေးမယ်။ အဲတာကတော့ ပဲရစ်မြို့တော်ခန်းမမှာ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ပြင်သစ်နိုင်ငံကို ခရီးမဆက်ခင်မှာ ဗြိတိန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Nick Clegg နဲ့ တွေ့ဆုံခဲ့သလို လေဘာပါတီ ဌာနချုပ်ကိုလည်း သွားရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က RFA ကို ဒီကနေ့ ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org