အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားနေစဉ်။ RFA

လွတ်တော်တွင်း ပါတီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ လွှတ်တော်ထဲ ရောက်ပြီးသားဖြစ်နေတဲ့ ပါတီ အဖွဲ့အစည်းတော်တော်များများက ကိုယ်စားလှယ်တွေက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုကြပါတယ်။ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေကို ဖော်ပြကြပါတယ်။ အဲတာကတော့ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့ အလားအလာလို့ ကျွန်မထင်ပါတယ်"

ဒီကနေ့ ကြည့်မြင်တိုင်မြို့နယ်၊ အထက် ကြည့်မြင်တိုင်ရပ်ကွက်၊ ဘောဂလမ်းက NLD ရုံးခန်း ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး လူထုကို ပြောကြားခဲ့ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးဖို့ အရေးကြီးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ပတ်သက်ပြီး အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဒီကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ရုံးခန်းဖွင့်ပွဲကို ပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org