ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ခွင့်မရသေး
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားပေမယ့် ဒီနေ့ညနေပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားလာတာမျိုးတော့ မရှိသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
- 2022-07-01
-
-
-
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းထားပေမယ့် ဒီနေ့ညနေပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားလာတာမျိုးတော့ မရှိသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
နေပြည်တော်ကို ရောက်ရှိနေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ နဲ့ ဒီနေ့မနက်က တွေ့ဆုံစဉ် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ထပ်တောင်းထားတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေပေမယ့် တော်တော်လေးခက်ခဲနေ တယ်လို့ အထူးကိုယ်စားလှယ် က ရှင်းပြခဲ့တယ်လို့လည်း ဆွေးနွေးပွဲမှာပါဝင်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွပ်စွဲထားတဲ့ ရွေးကောက်ပွဲမသမာမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်စဉ် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရေးကိစ္စနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာသတင်းအချက်အလက်မှ မသိရသေးဘူးလို့ ပြောဆိုခဲ့တဲ့အကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မတ်လအတွင်းလာရောက်တဲ့ ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က အမှုရင်ဆိုင် နေရတဲ့သူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့တာပါ။
အာဆီယံ အထူးကိုယ်စားလှယ် ဟာ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတော့ သူ့ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့် ဆောင်ကို ပြောင်းရွှေ့လိုက်ပြီး ကျန်နေတဲ့အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။