ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် ရဟန်းတစ်ပါးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းတချို့ ထိခိုက်ပျက်စီး

ဆားလင်းကြီးမှာ စစ်ကောင်စီရေယာဉ်တွေက မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရဟန်းတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နှောကူးတို့ကျေးရွဘုန်းကြီးကျောင်းအပျက်အစီများးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၇ နေ့က တွေ့ရစဉ်။ အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ် ရေယာဉ်တွေက ဩဂုတ်လ ၂၇ ရက်မှာ မြစ်ကမ်းဘေးက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရဟန်းတစ်ပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ဘေး နှောကူးတို့ရွာက သံဃာတစ်ပါး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် သရက်ကိုင်းရွာက ဘုန်းကြီးကျောင်းဝင်းထဲကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဆားလင်းကြီးအခြေစိုက် အညာ ပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"နှောကူးတို့ရွာက ဘုန်းကြီးကျောင်းက ဘုန်းကြီးတစ်ပါး လက်နက်ကြီးကျည်စ ထိမှန်တယ်။ ဒဏ်ရာက ခွဲထုတ်ရမှာလို့ သိရတယ်။ ကျန်တဲ့ဟာက သရက်ကိုင်းရဲ့ ဘုန်းကြီးကျောင်းမှာလည်း ထိမှန်သွားတယ်။ နှောကူးတို့ရဲ့ ဘုန်းကြီးကျောင်းမှာလည်း ဘုရားဆောင်က မှန်တစ်ချပ်ကွဲသွားတယ်။ အကုန်လုံးက သူတို့စက်လှေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်"

ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ မြစ်ကမ်းတစ်လျှောက်ရွာတွေကို ပစ်ခတ်ခဲ့တာလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်က ကုန်းလမ်းထက် ရေလမ်းကိုသာ အားကိုးပြီး စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ပို့နေကြတဲ့အတွက် မြစ်ကမ်းတစ်လျှောက်ရွာတွေကို လမ်းကြောင်းရှင်းတဲ့အနေနဲ့ ပစ်ခတ်တာလို့လည်း နောက်ထပ် ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် သရက်ကိုင်းရွာအပါအဝင် အနီးအနားရွာတွေက ပြည်သူသုံးထောင် လောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဩဂုတ်လ ၂၈ ရက် ဒီနေ့အထိ ရွာကို ပြန်မကပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ တာဝန်နဲ့ ခရီးထွက် နေရတဲ့အတွက် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ အကြောင်းပြန်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org