လက်နက်ကြီးကျည်ထိမှန်ပြီး စဥ့်ကူးဒေသခံလေးဦး ဒဏ်ရာရ

စဥ့်ကူးမြို့နယ် ခက်သင်ရွာထဲကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အဝင်ကို တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ခက်သင်ရွာထဲကို မတ်လ ၃၁ ရက်နေ့ မနက် ကိုးနာရီမှာ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးမှာ လက်နက်ကြီးကျည်စတွေ ထိမှန်ခဲ့တာပါ။

ဒဏ်ရာရသူတွေဟာ စဥ့်ကူးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“ကလေးတစ်ယောက်တော့ ထိခိုက်ဒဏ်ရာပြင်းထန်လို့ အရေးပေါ်ခွဲစိတ်နေတယ်။ ဒဏ်ရာရသူလေးဦးမှာ ကလေးတစ်ဦး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးလို့ သိထားပါတယ်”

ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီလက်နက်ကြီးကျည်တွေကို စဉ့်ကူးမြို့ပေါ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ခက်သင်ရွာဒေသခံ ရှစ်ရာနီးပါးကတော့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org