မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးထား
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ဓားစားခံအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေနဲ့ မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
- 2022-09-30
-
-
-
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်က ဒေသခံ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးထားပြီး ဓားစားခံအဖြစ် အသုံးပြုနေတယ် လို့ ဒေသခံတွေနဲ့ မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့စလို့ အင်အား ၁၅၀ လောက်ပါတဲ့ ရေစကြို အခြေစိုက် ခလရ ၂၅၈ တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက် စီးနင်းပြီး ရွာစဉ်အလိုက် ဖမ်းခေါ်လာတဲ့ ဒေသခံ ၅၀ ကျော်လောက်အထိ ရှိနေပြီလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်လက်ယာက ဒီနေ့ RFA ကို ပြောပါတယ်။
"တိုက်ပွဲက မဖြစ်ဘူး။ သူတို့ပြည်သူတွေ ၅၀ လောက်ဖမ်းထားတော့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ စောင့်ကြည့်နေရတယ်။ သူတို့က ဖမ်းသွားပြီးရင် ပြည်သူ ကြားညှပ် ထားတာပေါ့။ စစ်ကြောင်းထွက်ရင် အကာအကွယ်ရအောင် ငါးယောက်စီ တစ်တွဲ စီတွဲပြီး စစ်ကြောင်းတစ်ကြောင်းလုံးမှာ အရှေ့ရော၊ အနောက်ရော၊ အလယ်ရော ကြားညှပ်ခေါ်လာတာ"
မြိုင်ဒေသခံ ၅၀ ကျော် အဖမ်းခံရတဲ့ ကျေးရွာတွေကတော့ အုပ်ဖို၊ မင်းသားကျ၊ ရွာသစ်ကြီး၊ သရက်ကန်၊ ကြက်ဆူအိုင်၊ သန်းဥတော၊ ကျောက်ခွက် စတဲ့ ရွာတွေပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတဲ့ လမ်းတစ်လျှောက်က သရက်ကန်ရွာမှာ နေအိမ် ရှစ်လုံး၊ ကြက်ဆူအိုင်ရွာမှာ နေအိမ် လေးလုံး၊ မင်းသားကျရွာမှာ ဆိုင်ကယ် တစ်စီးနဲ့ ကားတစ်စီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းရဲ့ အင်အားတစ်ဝက်လောက်ဟာ တောင်ရိုးရွာမှာ စခန်း အထိုင်ချနေပြီး စစ်ကြောင်းအင်အား တစ်ဝက်လောက်က တောင်ရိုးရွာနဲ့ သုံးမိုင်လောက် ဝေးတဲ့ ဂွေးကုန်းရွာကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာမျိုး အကြိမ်အနည်းငယ်ရှိတယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းဝင်ခဲ့တဲ့ မြိုင်မြို့နယ်ထဲက ကျောက်ခွက်ရွာမှာလည်း စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ခဲ့တာကြောင့် စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ မိုင်းနင်းမိလို့ ငါးနှစ်အရွယ် ကလေးတစ်ယောက် ခြေထောက်ပြတ်၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်ထဲက စစ်ကြောင်းထိုးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုးတော့ မရှိသေးသလို စစ်ကောင်စီရဲ့မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်းကို စက်ပိတ်ထားပါတယ်။