ရှမ်းပြည်မြောက်ပိုင်း ဝမ်လွေဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ အစိုး ရတပ်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။ Photo courtesy of SSPP/SSA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့က ညနေပိုင်းအထိ ဝမ်လွေဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလို ပြောပါတယ်။

"ဖြစ်တာက မနေ့က ညနေ ၃ နာရီခွဲကနေ၊ ၆ နာရီခွဲပါ၊ ဝမ်လွေဆိုတာ ကျေးသီးမြို့နယ် နဲ့ မိုင်းရှုးမြို့နယ်စပ်ပေါ့၊ ထိခိုက်မှုတော့မရှိသေးပါဘူး၊ မနေ့ကတော့ ပြင်းပြင်းထန်ထန် တော့ဖြစ်တယ်၊ အစိုးရတပ်တွေက ဝမ်လွေဘက်ကနေပြန်ဆုတ်သွားတယ်လေ၊ မိုင်းနောင်မြို့နယ် ရိန်းကောင်ရွာက ည ၁ဝ နာရီမှာလေ၊ သူတို့လက်နက်ကြီးနဲ့ ပစ်တာ အိမ် ၃ လုံးထိသွားတယ်"

လက်နက်ကြီးကျတဲ့ မိုင်းနောင်မြို့နယ် ရိန်းကောင်ရွာက အိမ်ခြေ သုံးလုံးပျက်စီး သွားခဲ့ပေမယ့် အဲဒီအိမ်ကလူတွေတော့ ထိခိုက်ဒဏ်ရာရမူ မရှိဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA က နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို စာပေးပို့အကြောင်းကြားခဲ့ပေမယ့် သူ့အနေနဲ့ လုပ်ပေးပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက အစိုးရတပ်နဲ့ SSPP/ SSA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် မိုင်းရှုး၊ကျေးသီးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ် ထဲမှာရှိတဲ့ ရွာပေါင်း ၂၂ရွာက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စာသင်ကျောင်း ၁၄ ကျောင်းပိတ်ထားရ တာကြောင့် ကျောင်းသူ ကျောင်းသား တစ်ထောင့်နှစ်ရာကျော် စာသင်ကြားခွင့်ဆုံးရှုံးနေရပါတယ်။

ဒါ့အပြင် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေအပြင် တန့်ယန်း၊ ဟိုပန်မြို့နယ်တွေမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလကို RFA သတင်းထောက် ကိုသီဟထွန် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org