ISIS အန္တရာယ်ကို ပြည်သူတွေ သတိရှိဖို့ တပ်မတော်ပြော
မြန်မာနိုင်ငံကို ISIS အကြမ်းဖက်အဖွဲရဲ့ ခြိမ်းခြောက်မှုတွေရှိလာနိုင်ကြောင်း ပြောဆိုသံတွေ ထွက်လာတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးသတိရှိဖို့ တပ်မတော်က သတိပေးပြောဆိုလိုက်ပါတယ်။
-
2019-04-29 -
-
-
မြန်မာနိုင်ငံကို ISIS အကြမ်းဖက်အဖွဲရဲ့ ခြိမ်းခြောက်မှုတွေရှိလာနိုင်ကြောင်း ပြောဆိုသံတွေ ထွက်လာတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးသတိရှိဖို့ တပ်မတော်က သတိပေးပြောဆိုလိုက်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းရာမှာ ပြည်သူလူထုအနေနဲ့ လုံခြုံရေးသတိရှိဖို့နဲ့ ထူးခြားတဲ့ လှုပ်ရှားမှုမျိုးတွေ့ရှိရင် နီးစပ်ရာ လုံခြုံရေးဌာနတွေကို သတင်းပေးကြပါလို့ ပြောပါတယ်။
ဒါ့အပြင် ISIS အကြမ်းဖက်အဖွဲ့တွေ ဝင်မလာနိုင်ဖို့ကို ကြိုတင်ဆောင်ရွက်နေကြောင်း သတင်းတွေကြိုတင်ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဆက်ပြောပါတယ်။
အကြမ်းဖက်အဖွဲ့တွေကို နှိမ်နှင်းရေးအတွက်လည်း အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
အိုင်အက်စ် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ဟာ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို အခုအခါမှာ ထိုးဖောက် ဝင်ရောက်ဖို့အတွက် မလေးရှားနိုင်ငံ Sabah ပြည်နယ်က Tawau နဲ့ Sandakan ဒေသတွေကို စုရပ်အဖြစ် ရွေးချယ်ထားတယ်လို့ မလေးရှား ရဲမင်းကြီးTan Sri Mohamad Fuzi Harun က ပြီးခဲ့တဲ့ ကြာသပတေးနေ့ သတင်းမီဒီယာတွေကို မလေးရှားနိုင်ငံမှာ ပြောကြားထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။