ကချင်ဒေသမှာ တိုက်ပွဲတွေ ၃ ရက်မြောက် ဆက်လက်ဖြစ်ပွားနေဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီး မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာပိတ်မိနေဆဲ ဒေသခံ ရွာသား နှစ်ထောင်လောက်ကို ဖားကန့်မြို့နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက် ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။

အစိုးရစစ်သားတချို့ကို တွေ့ရစဉ် Photo: AFP

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ် စု အောင်ဘာလေကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြားမှာပိတ်မိနေဆဲ ဒေသခံရွာသား နှစ်ထောင်လောက်ကို ဖားကန့်မြို့နယ်အခြေ စိုက် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့ အစည်းတာဝန်ရှိသူတွေက ကားအစီး ၁၅၀ ကျော်နဲ့ သွားရောက်ခေါ်ဆောင်ပေမဲ့ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေက သွားခွင့်မပြုဘူးလို့ သတင်းရရှိပါတယ်။

လုံးခင်းကျေးရွာနဲ့ ၃ မိုင်အကွာမှာရှိတဲ့ ဆန်ခါကျေးရွာမှာ တားမြစ်ခံရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါတဲ့ ဖားကန့်မြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်စိုးက RFA ကိုပြောပါတယ်။

"အခုလက်ရှိက အထဲမှာပိတ်မိနေတဲ့ ဒုက္ခသည် ၂ဝဝဝ ဝန်းကျင်လောက်ဟာ စားရေးသောက်ရေး အဆင်မပြေဘူး၊ တော်တော်လေးဒုက္ခတွေ့နေရတယ်၊ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ အချိန်တိုင်းဖြစ်နေတဲ့အတွက် အဲ့မှာရှိတဲ့ ဒုက္ခသည်တွေကို ကျနော်တို့ကိုယ်ချင်းစာတယ်၊ အခုလက်ရှိဖြစ်နေတဲ့ အနေအထားက ဒုက္ခသည်တွေ လည်း ကိုယ်လွှတ်ဆင်းလာလည်း အဆင်မပြေဘူး၊ ဒီကသွားပြီး ကြိုဆိုမယ့်လူတွေကိုလည်း ခွင့်မပြုဘူး၊ အပေါ်ကလည်း အောက်ကိုဆင်းခွင့်မပြုဘူး၊ အောက်ကလည်း အပေါ်ကိုတက်လို့မရဘူးဆိုတဲ့ တော်တော်လေး အခက်ခဲဖြစ်နေရတဲ့ အနေအထားပါ"

စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကြိုဆိုဖို့ တပ်မ ၆၆ တပ်မမှူးက သုံးရက်စောင့်ခိုင်းထားပြီး ကားအစီးတစ်ရာ့ငါးဆယ်ကျော်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဆန်ခါကျေးရွာမှာပဲ ဆက်လက်စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်နေ့က ကေအိုင်အေရဲ့ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်း ၃ ယောက်ကို ကေအိုင်အိုဗဟိုက ပြန်လွှတ်ပေးဖို့ အကြောင်းကြားတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

"ဗဟိုကနေပြီးတော့မှ ရဲဝန်ထမ်း ၃ ဦးကို သွားကြိုဖို့အတွက်ဆိုပြီး ကျနော်တို့ PCG ကို အကြောင်းကြားလာတယ်၊ ဒါကြောင့် ကျနော်တို့မနက်ဖြန် ၈ နာရီထွက်ပြီးတော့မှ သွားကြိုမလို့ဗျ၊ မနက်ဖြန်ထွက်တဲ့အခါမှပဲ တပ်ရင်း ၆ နဲ့ အဆက်အသွယ်လုပ်မယ်၊ ဘယ်နားမှာသွားကြိုရမလဲဆိုတာ မနက်ဖြန်မှပဲသိရမယ်ဗျ"

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတာင်ကြောပေါ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင် ရဲဝန်ဝန်ထမ်း  ၃ ဦးကို ကေအိုင်အေတပ်ရင်း ၆ တပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လွတ်ခဲ့ပေမယ့် ရဲဝန်ထမ်းသုံးဦးကို ဖမ်းဆီးခံခဲ့ရပြီးနောက်တစ်နေ့မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

တိုက်ပွဲကြောင့် ကံဆီးခေါ၊အောင်လာလေ၊ ငှက်ပျောတော စတဲ့ကျေးရွာတွေက ဒေသခံရွာသား အယောက်နှစ်ထောင်နီးပါးဟာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ဒီနေ့အထိ ပိတ်မိနေဆဲဖြစ်ပါတယ်။

တိုက်ပွဲနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ တိုက်ပွဲတစ်နေရာက KIA တပ်မဟာ ၂၊ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org