တိုက်ပွဲတွေမှာ မိုင်းလားနဲ့ ဝတပ်ဖွဲ့တွေလည်းပါဝင်ကြောင်း အစိုးရတပ်မတော်ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့က ကိုးကန့်အဖွဲ့နဲ့အတူ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) ထိပ်တန်းအရာရှိတွေက ပြောပါတယ်။
-
2015-02-21 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့က ကိုးကန့်အဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေ တာဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) ထိပ်တန်းအရာရှိတွေက ပြောပါတယ်။
ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့နဲ့ပတ်သက် ပြီး နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင် ခန်းမမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောခဲ့တာပါ။
"KIA အဖွဲ့ပါဝင်တယ်ဆိုတာ သိရတယ်ဆိုတာနဲ့ ကျနော်ရှင်းပြသွားတာနဲ့ ပတ်သက် လို့ပေါ့လေနော်၊ နောက်တစ်ခုက ကျနော် ရှင်းလင်းပြောပြတဲ့အထဲမှာပါပါတယ်၊ ကိုက် ၅ဝ ဆယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတုန်း တစ်ဘက်ကနေပြီးတော့ သေနတ်သံတွေကြားမှာ ဒီသေနတ်သံကိုကျော်အောင်လို့ အမိန့်ပေးခွင့်ပေး ကွပ်ကဲရတဲ့အခါမှာ အင်မတန် အသံကျယ် ကျယ်လောင်လောင်နဲ့ ပြောရပါတယ်၊ ဒီကျယ်လောင်တဲ့အသံတွေဟာ ကျနော်တို့ ကိုက် ၅ဝ အတွင်းမှာ တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ စစ်သည်တွေ၊ အရာရှိတွေက ဒီအသံကိုကြား ရပါတယ်၊ တရုတ်လိုလည်းပြောတယ်၊ ဝ လိုလည်းပြောကြတယ်၊ ကချင်လိုလည်းပြောပါတယ်၊ ရှမ်းလိုလည်း ပြောပါတယ်၊ ဒါတွေဟာ ကျနော်တို့ သူတို့စစ်သည်တွေကနေ ပြန်ပြောပြီး သိရတဲ့ အနေအထားဖြစ်ပါတယ်၊ ဒါကြောင့် ဒီအထဲမှာ ဒီအဖွဲ့တွေပါနေတယ်ဆိုတာမျိုးလည်း ကျနော်တို့ သက်သေပြလို့ရတဲ့အနေအထားမျိုး ပြန်လည်ဖြေကြားလိုပါတယ်"
ဖုန်ကြားရှင်ဟာ အခုအချိန်မှာ ဝ အထူးဒေသဖြစ်တဲ့ မိုင်းလားမှာ အခြေစိုက်နေတယ်လို့သိရကြောင်း လက်ခံထားတဲ့ မိုင်းလားအထူးဒေသက ဦးစိုင်းလင်းအနေနဲ့ တာဝန်ယူဖို့လိုအပ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုသွားပါတယ်။
ကိုးကန့်လက်နက်ကိုင်တွေဟာ တရုတ်နိုင်ငံနယ်နိမိတ်အတွင်းမှာ လွတ်လွပ်စွာ လက်နက်ကိုင်ဆောင် သွားလာနေကြောင်းနဲ့ ဒဏ်ရာရသူတွေကိုလည်း တရုတ်နိုင်ငံထဲက ဆေးရုံတွေမှာ ကုသနေတဲ့ အထောက်အထားတွေရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။