၂၁ ပင်လုံကို လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်ခွင့်ရရေး မသေချာသေး

NCA လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပင်လုံညီလာခံကို တက်ရောက်လိုတယ်လို့ ပြောနေပေမယ့် အစိုးရရဲ့ ဖိတ်ကြားမှုထဲမှာ ပါဝင်မလားဆိုတာ မသိရသေးပါဘူး။ ကပ်ဘေးကာလအတွင်း ပြန်လည်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုကိုတော့ ဖိတ်ကြားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောထားပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် ဓာတ်ပုံ - ကံသာ/ RFA

မြောက်ပိုင်းမဟာမိတ်အဖွဲ့  လေးဖွဲ့ဖြစ်တဲ့ KIA၊ TNLA၊ MNDAA နဲ့ AA တို့ကို အွန်လိုင်းကနေ ဆက်သွယ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရဘက်က ဇွန်လ အစောပိုင်းက ပြောထားပေမယ့် လေးဖွဲ့လုံးက အဆင်မပြေဘူးဆိုပြီး အကြောင်းပြန်ထားပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကတော့ အပစ်ရပ် လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အတော်များများကို ပင်လုံညီလာခံတက်ဖို့ ဖိတ်ကြားသွားမှာဖြစ်ပြီး ကပ်ဘေးကာလဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒါကတော့ အစိုးရအဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရန်ကုန်မြို့ NRPC မှာ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သုံးရက်ကြာ ဆွေးနွေးမှုအပြီး ဇူလိုင်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အပစ်ရပ်စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့က တက်ရောက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အဖွဲ့တွေ့ကို ရွေးချယ်ချန်လှပ်ပြီး ဖိတ်ခဲ့မယ်ဆိုရင်တော့ ညီလာခံကို တက်ရောက်သွားမှာ မဟုတ်ဘူးလို့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

လက်ရှိအချိန်အထိ အစိုးရရဲ့ တရားဝင် ဖိတ်ကြားစာကို လက်ခံမရသေးဘဲ ပင်လုံညီလာခံမှာ ဆွေးနွေးခွင့် မရနိုင်ပေမယ့် အစိုးရက ဖိတ်ကြားမယ်ဆိုရင်တော့ တက်ရောက် လေ့လာလိုတယ်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဆီကိုလည်း တရားဝင်စာပေးပို့ ဖိတ်ကြားတာ မရှိသေးဘဲ မကျင်းပတာကြာပြီဖြစ်တဲ့ ပင်လုံညီလာခံမှာ အားလုံးပါဝင်မယ်ဆိုရင်တော့ ကောင်းတဲ့ ရလဒ်ဖြစ်တယ်လို့ UWSA လာရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက အစိုးရအနေနဲ့ ဖိတ်ကြားသင့်တယ်လို့ RFA ကိုပြောပါတယ်။

အပစ်ရပ်လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေဟာ  NLD အစိုးရသက်တမ်းအတွင်း သုံးကြိမ် ကျင်းပခဲ့တဲ့ ပင်လုံညီလာခံတွေကို  လေ့လာသူအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့အားလုံးကို  ဖိတ်ကြားပေးဖို့ တိုက်တွန်းထားကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့  ပင်လုံညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ သဘောတူညီချက်တွေကို ယူတဲ့နေရာမှာ ပါဝင်ခွင့် မရပေမယ့် ဖိတ်ကြားမယ်ဆိုရင်တော့ ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စနိုင်သွားမယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လှုပ်ရှားတဲ့ဒေသတွေမှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ ဆက်ဆံရေးဟာလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီးတည်းက နောက်ထပ် တွေ့ဆုံမှု မရှိခဲ့ပါဘူး။

လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အပစ်ရပ်လက်မှတ်ထိုးမထားတဲ့အဖွဲ့တွေထဲက ဘယ်အဖွဲ့တွေကို ဖိတ်ကြားသွားမလဲဆိုတာကတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org