AA ထိန်းချုပ်ရာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော်ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီက ဧပြီလ ၁၉ ရက် မနက် ၂ နာရီခွဲကနေ ၃ နာရီကြားအချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် ၂၁ ဦးဒဏ်ရာရသွားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ၂၀၁၇ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ RFA

အာရက္ခတပ်တော်(AA)ထိန်းချုပ်ရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီက ဧပြီလ ၁၉ ရက် မနက် ၂ နာရီခွဲကနေ ၃ နာရီကြားအချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် ၂၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူတွေအိပ်မောကျနေချိန် လူတွေရပ်ကွက်တွေထဲကို ဗုံးကြဲချခံရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကျောက်တော်မြို့မှာ နေထိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ဗုံးကျတာက ပြည်တော်သာမှာကျတယ်။ ရှမ်းရွာမှာကျတယ်။ ပြီးရင် မြို့သစ်မှာကျတယ်။ အဲဒီရပ်ကွက်တွေက လမ်းတွေကို ဗုံးတွေချသွားတာ”

ဂျက်တိုက်လေယာဉ်နဲ့ လေးကြိမ်လာရောက် ဗုံးကြဲသွားတာလို့ သူကပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ် ဦး‌ကျော်ဇောချေ (ခ) မောင်ငယ် ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်ဆယ်နှစ်အောက် ကလေးသုံးယောက်ပါဝင်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားအမျိုးသမီးသုံးဦးဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org