ရခိုင်ဒီမိုကရေစီအဖွဲ့ မြေပုံမြို့နယ်မှာ ရေကန်တူးဖော်
ရခိုင်ဒီမိုကရေစီအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင် ဦးစီးပြီး ဂီရိ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ကျေးရွာတွေမှာ သောက်ရေကန် တူးတာ အပါအဝင် တခြားလုပ်ငန်းတွေ ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။
-
2011-03-21 -
-
-
ကျေးရွာကြီး သုံးရွာမှာ လောလောဆယ် သွားရောက် ဆောင်ရွက်ပေးနေတာလို့ ရခိုင် ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။
“ရခိုင် ဒီမိုကရေစီက ဦးဆောင်ပြီးတော့ ပျက်စီးသွားတဲ့ ရွာတွေမှာ
သောက်ရေ ရရှိရေး၊ နောက်ပြီးတော့ ပင်လယ်ဆားငံရေ ဝင်တဲ့ လယ်တွေအတွက် ကာကွယ်ရေးအတွက် တမံတုတ်တာတို့၊
နောက်ပြီးတော့ မျိုးစပါး ရရှိရေး၊ နောက် မြေပုံမြို့ပေါ်မှာ ဆေးခန်းဖွင့်နိုင်ရေးအတွက်ကို
ရခိုင်ဒီမိုကရေစီက အထွေထွေ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီးတော့ လှူဒါန်းနေတယ်။
သုံးရွာကို တရွာ ၈ သိန်းနှုန်းနဲ့ လှူဒါန်းပြီးခဲ့ပြီ။ နောက်ထပ်လည်း ရွာတွေအတွက်ကို သွားရောက်ပြီးတော့
လှုပ်ရှားနေတယ်။”
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကားလမ်း မပေါက်တဲ့အတွက် ရွာတွေကို စက်လှေတွေနဲ့ သွားရတယ်လို့
ဆိုပါတယ်။ မြို့ပေါ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ဆေးခန်းမှာ တာဝန်ယူ ကုသပေးမဲ့ စေတနာ့ဝန်ထမ်း
ဆရာဝန် ရရှိရေးကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ဟာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအနေနဲ့ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်တွေမှာ ရှိတဲ့ ဂီရိ မုန်တိုင်းဒဏ်သင့် ကျေးရွာတွေကို ပထမတကြိမ် လှူဒါန်းခဲ့ပြီး ခု တကြိမ်ကတော့ ရခိုင်ဒီမိုကရေစီ အဖွဲ့က ဦးဆောင် ကူညီတာလို့ ပြောပါတယ်။
ဦးအေးသာအောင်နဲ့ အတူ ရခိုင်ဒီမိုကရေစီအဖွဲ့က လူငယ်တွေ လိုက်ပါသွားပါတယ်။ မနှစ်က အောက်တိုဘာလမှာ တိုက်သွားတဲ့ ဂီရိ မုန်တိုင်းကြောင့် မြေပုံမြို့က ပျက်စီးသွားတဲ့ ကျီးခေါင်းတောင် စေတီ ထီးတော်ကို ဒေါ်အောင်ဆန်းစုကြည်က တပေါင်းလပြည့်နေ့မှာ ထီးတော်သစ် တင်ပါတယ်။ ဒီ ထီးတော်သစ် တင်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မလာရောက်နိုင်ပဲ ဦးအေးသာအောင်နဲ့ NLD က တာဝန်ရှိသူတွေက ဦးဆောင် ကျင်းပခဲ့ပါတယ်။