ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှုစာရင်း ANP ပါတီ ကောက်ယူ
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။
-
2019-03-27 -
-
-
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေ၊ စစ်ပွဲကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ ဖမ်းဆီးခံရတာတွေနဲ့ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ကွင်းဆင်းစုံစမ်းပြီး စာရင်းကောက်တာတွေ ဆောင်ရွက်နေတာလို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အေးနုစိန် ကိုယ်တိုင်ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဒီကော်မရှင်က ကွင်းဆင်းစုံစမ်းစာရင်းကောက်တာတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကော်မရှင်အဖွဲ့ဟာ မြောက်ဦးမြို့ကို ဒီနေ့မှာ ကွင်းဆင်း စုံစမ်းခဲ့ပြီး စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း တို့ကိုလည်း ကော်မရှင်က အဖွဲ့ခွဲပြီး ကွင်းဆင်းစုံစမ်းတာတွေ ဆောင်ရွက်နေတယ်လို့ ဒေါ်အေးနုစိန် က ပြောပါတယ်။
မြောက်ဦးမှာ ဒီရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ၆ ထောင်ကျော်မှာ ရှိနေပြီး တိုက်ပွဲကြောင့် သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာ စတဲ့ အရပ်သား စုစုပေါင်း ၅၂ ယောက် ရှိတယ်လို့ ကော်မရှင်ကနေ သိရပါတယ်။
ကော်မရှင်အနေနဲ့ မြေပြင်မှာ စုံစမ်း ရရှိတဲ့အခြေအနေတွေကို ဒီလကုန်မှာ အစီရင်ခံစာ တစ်စောင်ရေးပြီး ရခိုင်အမျိုးသားပါတီကနေ တဆင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ကို တင်ပြသွားမယ်လို့ ဒေါ်အေးနုစိန် က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အရေအတွက်ကလည်း နှစ်သောင်းနှစ်ထောင်ကျော် ရှိသွားပြီလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။