NVC ကတ်ကိစ္စ ANP ပါတီ ကြေညာချက်ထုတ်
မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် မွတ်စလင်တွေကို NVC ကတ်တွေ ထုတ်ပေးပြီး နိုင်ငံ တဝှမ်း လွတ်လပ်စွာသွားလာခွင့်ပြုမယ်ဆိုတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေဟာ ဥပဒေတွေနဲ့ ဆန့်ကျင်နေကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2018-05-08 -
-
-
မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် မွတ်စလင်တွေကို NVC ကတ်တွေ ထုတ်ပေးပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာသွားလာခွင့်ပြုမယ်ဆိုတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ပြောကြားချက်တွေဟာ ဥပဒေတွေနဲ့ ဆန့်ကျင်နေကြောင်း ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရရော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရပါ ဆန့်ကျင်နေတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပေဒမှာကျတော့ နိုင်ငံသားတစ်ယောက်ဟာ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ အခြေချ နေထိုင်ခွင့်ရှိသည် ဆိုတဲ့ ပြဌာန်းချက်ရှိတယ်။ ၈၂ ဥပဒေမှာလည်း နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့လူတွေ၊ နိုင်ငံသားတွေ၊ ဧည့် နိုင်ငံသားတွေ၊ နိုင်ငံသားဖြစ်ခွင့်ရသူတွေ စသဖြင့် ပြဌာန်းထားတာရှိတယ်။ အဲ NVC ကတ်က နိုင်ငံသား ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ ကတ်ဆို အခု။ အဲတော့ NVC ကတ်ရှိရုံနဲ့ မြန်မာတစ်နိုင်ငံလုံးကို သွားခွင့်ပြုတယ်ဆိုရင် ဒီဖွဲ့စည်းပုံ ဥပဒေအရရော၊ ၈၂ မှာ နိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်အရရော၊ ဆန့်ကျင်နေတယ်ဆိုပြီးတော့ ကျမတို့ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်ထားတာဖြစ်ပါတယ်"
ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ပါတီရဲ့ ကြေညာချက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မွတ်စလင်အရေးကိစ္စကို အဖြေရှာဖို့ချဉ်းကပ်ရာမှာ ဌာနေတိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လးစားတန်ဖိုးထားဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့အရပ်သားတွေ ဘေး အန္တရာယ်ကနေ လွတ်မြောက်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်၊ ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးကို စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ မနေ့ကနဲ့ဒီနေ့ နှစ်ရက်ကြာပြုလုပ်ပြီး ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။